ရေး၊ စက်တင်ဘာ ၁၀

မွန်ပြည်သစ်ပါတီ စစ်အာဏာရှင်တိုက်ဖျက်ရေးအဖွဲ့ NMSP AD နဲ့ ရေးမြောက်ပိုင်းဒေသရှိ ဒေသအခြေပြု ပရဟိတအသင်းတွေ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ NMSP AD က ဒီကနေ့ မနက်ပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။

ဒီတွေ့ဆုံပွဲကို စက်တင်ဘာ ၈ ရက်နေ့က ပြုလုပ်ခဲ့တာ ဖြစ်ပြီး ရေးမြောက်ပိုင်းဒေသရှိ မွန်ကျေးရွာ ၁၂ ရွာက ဒေသအခြေပြု ပရဟိတအသင်းဝင် စုစုပေါင်း ၅၀ ကျော် တက်ရောက်ခဲ့ကြပါတယ်။

တွေ့ဆုံပွဲကိုတော့ မွန်ပြည်သစ်ပါတီ NMSP AD ဘက်က မြောက်ပိုင်းဒေသ ခေါင်းဆောင်၊ နိုင်ငံရေးနဲ့ စစ်ရေးကော်မတီဝင် နိုင်သူရဌေး ဦးဆောင်ပြီး လူမှုကယ်ဆယ်ရေးဌာန တာဝန်ခံ နိုင်စိုက်ချမ်းအောင်နဲ့ မြို့နယ်အဆင့် တာဝန်ခံတွေ တက်ရောက်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

တွေ့ဆုံပွဲ တက်ရောက်တဲ့ အသင်းတွေဟာ ဒေသတွင်း ရေကြီးရေလျှံမှု ဖြစ်ပွားတာ၊ သဘာဝဘေးအန္တရာယ် ကြုံတွေ့ရတာ၊ ဆေးရုံဆေးခန်းသို့ လူနာတွေ ပို့ဆောင်ပေးတာနဲ့ ပြည်သူလူထု ကူညီရေး ဆောင်ရွက်နေတဲ့အသင်းတွေ ဖြစ်ပြီး ခြောက်လ ပုံမှန် တစ်ကြိမ် ပြုလုပ်တဲ့ အစည်းအဝေး ဖြစ်တယ်လို့ မွန်ပြည်သစ်ပါတီ AD က အသိပေးထားပါတယ်။

တွေ့ဆုံပွဲမှာ မွန်ပြည်သစ်ပါတီ NMSP AD ခေါင်းဆောင်တွေက ဒေသတွင်း ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေ လုပ်ဆောင်ရာမှာ လိုအပ်တဲ့ ကူညီထောက်ပံ့မှုတွေကို ပံ့ပိုးကူညီပေးသွားမယ်လို့ ပြောကြားခဲ့ပါတယ်။

မွန်ပြည်သစ်ပါတီ NMSP AD ဟာ မိခင် မွန်ပြည်သစ်ပါတီ NMSP ကနေ ခွဲထွက်ပြီး စစ်အာဏာရှင်တိုက်ဖျက်ရေးအတွက် မဟာမိတ်တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ပူးပေါင်းပြီး တိုက်ပွဲဝင်နေတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ တစ်ခု ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – NMSP AD

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.