နေပြည်တော် ၊ စက်တင်ဘာ ၈

အာဏာသိမ်း စစ်ခေါင်းဆောင် ကိုယ်တိုင်ခန့် သမ္မတ ဦးမင်းအောင်လှိုင်ရဲ့ ဗီယက်နမ်ခရီးစဉ်အတွင်း နှစ်နိုင်ငံအကြား နိုင်ငံရေး၊ ကာကွယ်ရေးနဲ့ လုံခြုံရေး အပါအဝင် နယ်ပယ်စုံ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ဖို့ ဆွေးနွေးခဲ့ကြတယ်လို့ စစ်အစိုးရက သတင်းထုတ်ပြန်ပါတယ်။

အောက်တိုဘာ ၄ ရက်ကနေ ၆ ရက်အထိ ဦးမင်းအောင်လှိုင် ဦးဆောင်တဲ့ မြန်မာစစ်အစိုးရအဖွဲ့က ဗီယက်နမ်နိုင်ငံကို သွားရောက်ခဲ့ရာမှာ သမ္မတ တိုလန်း အပါအဝင် ဝန်ကြီးချုပ်နဲ့ အမျိုးသားလွှတ်တော် ဥက္ကဌတို့နဲ့ သီးခြားစီ တွေ့ဆုံခဲ့ကြတာပါ။

အဲဒီတွေ့ဆုံမှုတွေအတွင်း နှစ်နိုင်ငံကြား နိုင်ငံရေးအရ ယုံကြည်မှုနဲ့ အပြန်အလှန်နားလည်မှု မြှင့်တင်နိုင်ရေး၊ ကာကွယ်ရေးနဲ့ လုံခြုံရေး၊ စီးပွားရေး ၊ ကုန်သွယ်ရေး ၊ ရင်းနှီးမြှုပ်နှံမှု စတဲ့ နယ်ပယ်စုံမှာ ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်ဖို့ နှစ်ဘက်စလုံးက လိုလားကြောင်း ဆွေးနွေးခဲ့ကြပါတယ်။

ဒါ့အပြင် ဆက်သွယ်ရေး၊ သတင်းအချက်အလက်နဲ့ နည်းပညာ ၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ပညာရေး၊ကျန်းမာရေး၊ လူမှုရေး၊ အမျိုးသမီးရေးရာ၊ ယဉ်ကျေးမှုနဲ့ ခရီးသွားလာရေးတို့မှာ ပူးပေါင်းဆောင်ရွက်မှုတွေ မြှင့်တင်သွားဖို့ ဖြစ်ပါတယ်။

ဒါ့အပြင် အစိုးရအချင်းချင်း၊ လွှတ်တော်အချင်းချင်း၊ နိုင်ငံရေးပါတီအချင်းချင်းနဲ့ ပြည်သူအချင်းချင်း ဆက်ဆံရေးတွေ တိုးမြှင့်သွားဖို့ အပါအဝင် ဒေသတွင်းနဲ့ နိုင်ငံတကာမျက်နှာစာမှာ အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှုတွေနဲ့ ထောက်ခံရပ်တည်သွားနိုင်ရေးလည်း ပါဝင်ပါတယ်။

စစ်အစိုးရရဲ့ သမ္မရုံး ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ ခိုင်ခိုင်စိုးကလည်း ဗီယက်နမ်ခရီးစဉ်ဟာ နှစ်နိုင်ငံ ထိတွေ့ဆက်ဆံမှု တိုးမြှင့်တာ သာမက အာဆီယံအဖွဲ့ဝင်နိုင်ငံတွေနဲ့လည်း ထိတွေ့ဆက်ဆံမှုကို တိုးမြှင့်တာဖြစ်တယ်လို့ သတင်းမီဒီယာတွေကို ဖြေကြားထားတာပါ။

လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီ အတွင်းရေးမှူး ဦးတိုးဇော်လတ်က မင်းအောင်လှိုင်အနေနဲ့ စစ်တပ်ဦးဆောင်တဲ့ စီးပွားရေးကို လုပ်ကိုင်ပြီး နိုင်ငံ့အာဏာ ဆက်လက်ချုပ်ကိုင်နိုင်ဖို့ကိုပဲ လိုလားတာလို့ သုံးသပ်ပါတယ်။

”ဗီယက်နမ်ခရီးစဉ်ကလည်း တကယ်တော့ဗျာ မင်းအောင်လှိုင် လုပ်ချင်တာ ဗီယက်နမ်ဆိုတာ အာဏာရှင်တိုင်းပြည်ပါ။ စစ်တပ်ကြီးစိုးထားတဲ့ မြန်မာပြည်မှာ Mytel ပေါ့၊ (ဗီယက်နမ်နဲ့ မြန်မာ) စစ်တပ်နှစ်ခုပေါင်းထားတယ်။ သူအဓိက လိုချင်တာက စစ်တပ်ရဲ့ ဩဇာအာဏာကို မစွန့်လွှတ်ဘဲနဲ့ စစ်တပ်ဦးဆောင်တဲ့ စီးပွားရေးကို လုပ်ပြီးတော့ အာဏာဆက်လက်ချုပ်ကိုင်တဲ့ နည်းပညာကိုပဲ လိုချင်တာပါ။ အာဆီယံဆိုတဲ့ အစုအဖွဲ့မှာတော့ ဘာမှ သိပ်ပြီးတော့ သက်ရောက်မယ့် ထိရောက်မယ့် အရေးပါမယ့် အခန်းကဏ္ဍ မရှိဘူးလို့ပဲ ပြောပါရစေ ခင်ဗျ”လို့ ဆိုပါတယ်။

စစ်အစိုးရအနေနဲ့ လောဆယ်မှာ မိတ်ဘက်နိုင်ငံတွေဖြစ်တဲ့ တရုတ်၊ရုရှား၊ဘယ်လာရုစ်၊အိန္ဒိယအပြင် ဒေသတွင်းနိုင်ငံတချို့ရဲ့ နိုင်ငံရေးအရ တရားဝင် အသိအမှတ်ပြု ထောက်ခံမှုကို ရရှိထားပေမယ့် အာဆီယံနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းကတော့ ဖယ်ကျဉ်ထားတာပါ။

လက်ရှိမှာ အာဏာသိမ်း စစ်ခေါင်းဆောင် ဦးမင်းအောင်လှိုင်အနေနဲ့ လာအို၊ ထိုင်းနဲ့ ဗီယက်နမ် စတဲ့နိုင်ငံတွေကို ကိုယ်တိုင် ခန့်အပ်ထားတဲ့ သမ္မတရာထူးနဲ့ သွားရောက်ထားပြီး ဖြစ်ပါတယ်။ မကြာခင်မှာလည်း ကမ္ဘောဒီးယားနိုင်ငံကို သွားရောက်ဖို့ ရှိနေတဲ့အပြင် တခြားအာဆီယံအဖွဲ့ဝင်နိုင်ငံတွေကိုလည်း သွားရောက်ဖို့ အစီအစဉ်ရှိတယ်လို့ စစ်အစိုးရက ထုတ်ပြောထားတာပါ။

ဒါဟာ အာဏာသိမ်းစစ်တပ်ကနေ အရပ်သားအသွင်ပြောင်း စစ်အစိုးရအနေနဲ့ မြန်မာနိုင်ငံရဲ့ ရွေးကောက်ခံအစိုးရအဖြစ် နိုင်ငံတကာရဲ့ နိုင်ငံရေးအရ တရားဝင် အသိအမှတ်ပြုမှုရရှိဖို့ ကြိုးပမ်းတဲ့နေရာမှာ အာဆီယံထဲ ပြန်လည်ဝင်ဆံ့နိုင်ရေးအတွက် အဖွဲ့ဝင်နိုင်ငံတွေနဲ့ ဆက်ဆံရေး တိုးမြှင့်နေတာ ဖြစ်ပါတယ်။

ဦးမင်းအောင်လှိုင်ကတော့ လက်ရှိအချိန်မှာ မြန်မာနိုင်ငံအနေနဲ့ ဒီမိုကရေစီနိုင်ငံတည်ဆောက်ရေး ခရီးလမ်းခိုင်မာစေရေးအတွက် ဒေသအခြေခံဖက်ဒရယ်စနစ်ကို ဖော်ဆောင်နေပြီး ဗီယက်နမ်နိုင်ငံ အမျိုးသားလွှတ်တော်အနေနဲ့ တတ်နိုင်သမျှ ပံ့ပိုးကူညီပေးစေလိုတယ်လို့ ပြောကြားထားတာပါ။

ဒေသတွင်းနဲ့ နိုင်ငံတကာလွှတ်တော်ဆိုင်ရာ မျက်နှာစာတွေမှာ အပြန်အလှန် ပံ့ပိုးမှုတွေ ဆက်လုပ်သွားနိုင်ရေးနဲ့ အာဆီယံလွှတ်တော်တွေအကြား ပူးပေါင်းဆောင်ရွက်မှုတွေကို ပိုမိုတိုးမြှင့်နိုင်ရေးတို့အတွက် လွှတ်တော်နှစ်ရပ်အကြား နီးကပ်စွာ ဆက်လက်ပူးပေါင်းသွားနိုင်မယ်လို့ ဆိုပါတယ်။

တစ်ဘက်မှာတော့ ဘယ်လူပုဂ္ဂိုလ်အဖွဲ့အစည်းကိုမှ နှစ်နိုင်ငံရဲ့ နယ်မြေအတွင်းကနေ နှစ်ဘက်အစိုးရကို ဆန့်ကျင်တဲ့ လှုပ်ရှားမှုတွေ ပြုလုပ်ခွင့် မပြုဖို့ စက်တင်ဘာ ၅ ရက်နေ့က ဟနွိုင်းမြို့မှာ ဗီယက်နမ်သမ္မတ တိုလမ်နဲ့ ဦးမင်းအောင်လှိုင်တို့ တွေ့ဆုံခဲ့မှုအတွင်း ကတိပြုခဲ့ကြတာပါ။

ဒီလိုမျိုး နှစ်ဘက်ခေါင်းဆောင်ကြားက ကတိကဝတ်ပြုထားတဲ့ သဘောတူညီချက်ကို ဗီယက်နမ်အစိုးရက သတင်းထုတ်ပြန်ထားပေမယ့် မြန်မာစစ်အစိုးရဘက်က ထုတ်ပြန်ချက်တွေမှာတော့ ထည့်သွင်းဖော်ပြထားတာ မတွေ့ရပါဘူး။

ကျောင်းသားခေါင်းဆောင်ဟောင်း ကိုမင်းသွေးသစ်က တော်လှန်ရေးထဲမှာ တနည်းတဖုံပါဝင်နေကြတဲ့ နိုင်ငံတကာက မြန်မာထောက်ပို့သမားတွေ တော်လှန်ရေးအင်အားစုတွေကို ဖြိုခွဲချင်လို့ အခုလို လုပ်တာလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“စစ်ကောင်စီဘက်ကတော့ (စစ်အစိုးရ) နိုင်ငံတကာမှာရော ဒေသတွင်းနိုင်ငံမှာပါ အထူးသဖြင့် ဒေသတွင်းနိုင်ငံတွေကို ပြန့်ထွက်သွားတဲ့ စစ်မှုထမ်းရှောင်တဲ့သူတွေ နောက် တရားမဝင် ရွှေ့ပြောင်းတဲ့သူတွေ အဲဒီလိုမျိုး တော်လှန်ရေးထဲမှာ ရှိနေတဲ့ သူတွေ အင်အားစုတွေကို ဖြိုခွဲချင်တယ်။ နောက်ပြီးတော့ ထောက်ပို့လုပ်သားတွေ လုပ်နေတဲ့ နိုင်ငံတကာရောက် အထွေထွေ မြန်မာအလုပ်သမားတွေပေါ့ သူတို့တွေရဲ့ ‌‌ထောက်ပို့လမ်းကြောင်းကိုလည်း ဖျက်ချင်တယ်။ ဒါကြောင့်မို့လို့ ဒီလိုမျိုး နိုင်ငံရေးအရ တစ်နိုင်ငံပြီး တစ်နိုင်ငံ စည်းရုံးပြီး လုပ်ဆောင်တာ ဖြစ်တယ်”လို့ ဆိုပါတယ်။

တစ်နိုင်ငံချင်းစီရဲ့ အကျိုးစီးပွားနဲ့ မူဝါဒတွေဟာ မတူညီကြသလို ဗီယက်နမ်နိုင်ငံဟာ ထိုင်းနိုင်ငံလိုမျိုး မြန်မာရွှေ့ပြောင်းလုပ်သားတွေအပေါ် အများကြီး မှီခိုရတာ မရှိတဲ့အတွက် အဲဒီနိုင်ငံမှာ ရောက်ရှိနေကြသူတွေအဖို့ သတိထားသင့်တယ်လို့ ထောက်ပြပါတယ်။

ဦးမင်း‌‌အောင်လှိုင်ကတော့ ဗီယက်နမ်-မြန်မာ နှစ်နိုင်ငံ အဆင့်မြင့်အရာရှိကြီးတွေအကြား နီးကပ်တဲ့ ဆက်သွယ်မှုတွေကြောင့် နှစ်နိုင်ငံနဲ့ တပ်မတော်နှစ်ရပ်အကြား ဆက်ဆံရေးနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေမှာ ပိုမိုတိုးတက်ခိုင်မာနေတယ်လို့ ပြောကြားထားတာပါ။

စက်တင်ဘာ ၆ ရက်နေ့က ဟနွိုင်းမြို့မှာ ကျင်းပပြုလုပ်တဲ့ “မြန်မာ-ဗီယက်နမ် စီးပွားရေးဖိုရမ်”မှာတော့ လုပ်ငန်းရှင်တွေအကြား နားလည်မှုနဲ့ ပူးပေါင်းဆောင်ရွက်မှုစာချွန်လွှာ ၇ ခုကို လက်မှတ်ရေးထိုးနိုင်ခဲ့တယ်လို့ စစ်အစိုးရဘက်က အသိပေးထားတာ ဖြစ်ပါတယ်။

Justice For Myanmar ရဲ့ ဖော်ထုတ်ချက်အရ ဗီယက်နမ်ကုမ္ပဏီတွေဟာ စစ်အုပ်စုရဲ့ လေယာဉ်ဆီထောက်ပံ့ရေးကွင်းဆက်မှာ ပတ်သက်ဆက်နွှယ်နေတဲ့အပြင် ဗီယက်နမ်က မြန်မာနိုင်ငံကို စစ်ဘက်သုံးဆက်သွယ်ရေးပစ္စည်းတွေ လွှဲပြောင်းပို့ဆောင်ရာမှာလည်း ပါဝင်ပတ်သက်ခဲ့တယ်လို့ သိရပါတယ်။

ဒီလိုမျိုး စစ်အုပ်စုကို ကျောထောက်နောက်ခံပေးပြီး နည်းပညာနဲ့ စောင့်ကြည့်ထောက်လှမ်းရေးဆိုင်ရာ အထောက်အပံ့တွေဟာ မြန်မာစစ်တပ် ကျူးလွန်နေတဲ့ စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို အားပေးကူညီနေတာလို့ JFM က အသိပေးထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-HOS

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.