ကိဗ်၊ စက်တင်ဘာ ၅

မြို့တော် ကိဗ်ရဲ့ မြို့လယ်ခေါင်ရှိ ယူကရိန်း ထောက်လှမ်းရေးဌာန SBU ရဲ့ ဌာနချုပ်ကို ရုရှားက ဒရုန်းနဲ့ တိုက်ခိုက်မှုကြောင့် မီးခိုးလုံးကြီး ထွက်လာတာ မြင်တွေ့ခဲ့ရပါတယ်။

အဲဒီ တိုက်ခိုက်မှုအတွက် သင့်တော်တဲ့ လက်ဆုပ်လက်ကိုင်ပြနိုင်တဲ့ တုံ့ပြန်မှု ပြုလုပ်ဖို့ ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက သက်ဆိုင်ရာ ဌာနတွေကို ညွှန်ကြားထားပါတယ်။

နိုင်ငံခြားရေးဝန်ကြီး အန်ဒရီ ဆိုင်ဘီဟာက ဒါဟာ တိုက်ခိုက်မှု ကြီးကြီးမားမား အရှိန်မြင့်တက်လာတာ ဖြစ်တယ်လို့ ပြောပါတယ်။

စက်တင်ဘာ ၄ ရက်က တိုက်ခိုက်မှု ဖြစ်ပြီးနောက် ထောက်လှမ်းရေးဌာနချုပ် အနီး တဝိုက်လမ်းတွေကို ပိတ်ထားခဲ့ပြီး လက်နက်ကိုင် တပ်ဖွဲ့ဝင်တွေက ကင်းလှည့် စောင့်ကြပ်နေတာ တွေ့ရပါတယ်။

ယူနက်စကို ကမ္ဘာ့သမိုင်းဝင် အမွေအနှစ်နေရာ စိန့် ဆိုဖီယာ ဘုရားကျောင်းအနီးက အဲဒီ နေရာအနီးတဝိုက်မှာ လူနာတင်ကားတွေ အရေးပေါ်ဌာန ကားတွေ အများကြီး ရှိနေခဲ့ပါတယ်။

ကံမကောင်းစွာနဲ့ပဲ ကိဗ်မြို့ စိန့် ဆိုဖီယာ ဘုရားကျောင်း မျက်နှာချင်းဆိုင်ရှိ ဗိုလိုဒီမိုင်စကာ လမ်းထဲက SBU ဌာနချုပ် အဆောက်အဦကို ရုရှားက ဒရုန်းနဲ့ တိုက်ခိုက်မှုကြောင့် ပျက်စီးခဲ့တယ်လို့ သမ္မတ ဇီလန်စကီးက ပြောဆိုပါတယ်။

ဒရုန်းဟာ အဲဒီ အဆောက်အဦရဲ့ လုံခြုံရေး ဌာနချုပ်ဆီ တိုက်ရိုက် ဦးတည်လာခဲ့တာ ဖြစ်ပါတယ်။

ကိဗ်မြို့ဟာ ရုရှားရဲ့ ဒရုန်းတွေ ဒုံးကျည်တွေနဲ့ တစ်ပတ်အတွင်း နေ့တိုင်းနီးနီး တိုက်ခိုက်ခံခဲ့ရတာ ဖြစ်ပါတယ်။

အမေရိကန်ကနေ လာရောက်မယ့် ဧည့်သည်တွေကြောင့် တိုက်ခိုက်မှုတွေ ရပ်တန့်ထားဖို့ ဇီလန်စကီးက စက်တင်ဘာ ၄ ရက်မှာ တိုက်တွန်းထားပါတယ်။

အမေရိကန် ကိုယ်စားလှယ်တွေဟာ စက်တင်ဘာ ၇ ရက်မှာ ကိဗ်မြို့သို့ လာရောက်မှာ ဖြစ်ပြီး ယူကရိန်းက သူတို့ ရုရှားလေပိုင်နက်ထဲ ရှိနေချိန် သူတို့ လုံခြုံရေးအတွက် တာဝန်ယူပေးမှာ ဖြစ်တယ်လို့ ပြောထားပါတယ်။

ယူကရိန်းမှာ ဝင်ရောက်လာမယ့် အန္တရာယ်တွေကို ကြားဖြတ် ပစ်ချနိုင်တဲ့ အမေရိကန်ထုတ် Patriot ဒုံးဖျက်ဒုံးတွေ ပြတ်လပ်မှုနဲ့ ရင်ဆိုင်နေရပါတယ်။

ရုရှားက မကြာသေးခင်က အသုံးပြု တိုက်ခိုက်ခဲ့တဲ့ ဒရုန်းတွေဟာ တစ်နာရီ မိုင် ၂၅၀ အထိ ပျံသန်းနိုင်တဲ့ ဂျက်ပါဝါကို အသုံးပြုထားတာ ဖြစ်ပြီး ကြားဖြတ် ပစ်ချဖို့ ခက်ခဲပါတယ်။

ရုရှားက ကိဗ်မြို့ မြို့လယ်ခေါင်ရှိ အစိုးရ အဆောက်အဦတွေကို ပစ်မှတ်ထား တိုက်ခိုက်မှုဟာ ကြုံတောင့်ကြုံခဲ ဖြစ်ပါတယ်။

Ref:TheGuardian

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.