ရေဖြူတိုက်ပွဲမှာ အရပ်သား တစ်ဦး ဒဏ်ရာရ

ရေဖြူ၊ စက်တင်ဘာ ၃

တနင်္သာရီတိုင်း ရေဖြူမြို့နယ် ကျွဲတလင်းကျေးရွာမှာ ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲအတွင်း အရပ်သားပြည်သူ တစ်ဦး ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ နယ်မြေခံ သတင်းရင်းမြစ်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဒီကနေ့ စက်တင်ဘာ ၃ ရက်နေ့ မနက် ၅ နာရီအချိန်က ကျွဲတလင်းကျေးရွာ ဘုရားကုန်းပေါ်မှာ တပ်စွဲထားတဲ့ အာဏာသိမ်း စစ်တပ်ကို တော်လှန်ရေးတပ်ဖွဲ့တွေက သွားရောက်တိုက်ခိုက်ခဲ့တာပါ။

အဲဒီတိုက်ခိုက်မှုကြောင့် နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှု မိနစ် ၂၀ ကျော်အကြာ ဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်က လက်နက်ကြီး အဆက်မပြတ် ပစ်ခတ်မှုတွေ လုပ်ဆောင်ခဲ့ပါတယ်။

နှစ်ဖက်တိုက်ပွဲအတွင်း စစ်တပ်ဘက်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည် တစ်လုံးဟာ ရာဖူးကျေးရွာထဲ ကျရောက်ပေါက်ကွဲခဲ့တဲ့တာကြောင့် အသက် ၃၈ နှစ်အရွယ် ဒေါ်လတ်ဆိုတဲ့ အမျိုးသမီး ထိမှန်ဒဏ်ရာရရှိခဲ့ပါတယ်။

နှစ်ဖက်တိုက်ပွဲနဲ့အတူ စစ်တပ်ရဲ့ လက်နက်ကြီး အဆက်မပြတ် ပစ်ခတ်မှုကြောင့် ကျွဲတလင်း၊ ရာဖူးကျေးရွာတို့က ပြည်သူတချို့ဟာ ကြောက်လန့်ပြီး ဘေးလွတ်ရာကို တိမ်းရှောင်နေကြတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ သြဂုတ် ၈ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲအတွင်းမှာလည်း စစ်တပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ရာဖူးကျေးရွာနေ အသက် ၃၀ အရွယ် အမျိုးသမီး တစ်ဦး ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.