နေပြည်တော်၊ စက်တင်ဘာ ၃
၂၀၁၇ ခုနှစ် ဩဂုတ် ၂၅ ရက်က ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်တွေနဲ့ပတ်သက်ပြီး နိုင်ငံ တချို့ရဲ့ ကြေညာချက်နဲ့ သတင်းဖော်ပြမှုတွေဟာ ဖြစ်စဉ်ရဲ့ အရင်းခံအကြောင်းတရားနဲ့ မြေပြင်အခြေအနေမှန်တွေကို လျစ်လျူရှုထားတယ်လို့ အသွင်ပြောင်း စစ်အစိုးရလက်အောက်ခံ နိုင်ငံခြားရေးဝန်ကြီးဌာနက တုံ့ပြန်လိုက်ပါတယ်။
စစ်အစိုးရကတော့ ၂၀၁၆ ခုနှစ်ကတည်းက အာဆာအဖွဲ့ရဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေ စတင်ခဲ့ပြီး၊ ၂၀၁၇ ခုနှစ် ဩဂုတ် ၂၅ ရက်မှာ လုံခြုံရေးစခန်း ၃၀ နဲ့ တပ်ရင်းဌာနချုပ်တစ်ခုကို တပြိုင်နက်တည်း တိုက်ခိုက်ခဲ့တာကြောင့် နောက်ဆက်တွဲဖြစ်စဉ်တွေ ဖြစ်ပေါ်လာခဲ့တာလို့ ပြောပါတယ်။
အာဆာအဖွဲ့ရဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေကို နိုင်ငံ တချို့က လျစ်လျူရှုထားတာကိုလည်း ဝေဖန်ပြီး အကြမ်းဖက်မှု အားလုံးကို ရှုတ်ချသင့်တယ်လို့ နိုင်ငံခြားရေးဌာနရဲ့ ထုတ်ပြန်ချက်မှာ ရေးပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံအနေနဲ့ မိမိနိုင်ငံနဲ့ ပြည်သူတွေကို ကာကွယ်ပိုင်ခွင့်ရှိပြီး အကြမ်းဖက်တိုက်ခိုက်မှုတွေကို တုံ့ပြန်ရာမှာ လုံခြုံရေးတပ်ဖွဲ့တွေက သက်ဆိုင်ရာ စည်းမျဉ်းစည်းကမ်း (RoE) တွေနဲ့အညီ ဆောင်ရွက်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ နေရပ်စွန့်ခွာသူတွေ ပြန်လည်လက်ခံရေးကိစ္စနဲ့ပတ်သက်ပြီးတော့လည်း မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံအကြား သဘောတူညီချက်တွေအတိုင်း စိစစ်ပြီးသူတွေကို ဆန္ဒအလျောက်၊ လုံခြုံပြီး ဂုဏ်သိက္ခာရှိရှိ ပြန်လည်လက်ခံနိုင်ရေး ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။
ရခိုင်ဖြစ်စဉ်တွေရဲ့ အရင်းခံအကြောင်းတရားနဲ့ မြေပြင်အခြေအနေမှန်တွေကို မထည့်သွင်းဘဲ နိုင်ငံရေးရည်ရွယ်ချက်နဲ့ ထုတ်ပြန်နေတယ်လို့ မြန်မာဘက်က ယူဆတဲ့ နိုင်ငံ တချို့ရဲ့ ကြေညာချက်တွေ၊ ထုတ်ပြန်ချက်တွေနဲ့ သတင်းဖော်ပြမှုတွေကို ပယ်ချကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။
သတင်း – သံလွင်တိုင်းမ်

