မကွေးတိုင်းမှာ ကြက်သွန်နီဈေး အဆမတန် မြင့်တက်လာ

မကွေး စက်တင်ဘာ ၃

မကွေးတိုင်းမှာ ၂၀၂၅ ခုနှစ်နဲ့ ယှဉ်ရင် ကြက်သွန်နီစျေး အဆ ၂၀ မြင့်တက်လာတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

၂၀၂၅ ခုနှစ်က ကြက်သွန်နီ တစ်ပိသာ ၃၀၀ ကျပ် စျေးသာရှိပေမဲ့ ၂၀၂၆ ခုနှစ် စက်တင်ဘာလမှာ တစ်ပိသာ ၆၀၀၀ ကျပ် စျေးအထိ မြင့်တက်လာတာပါ။

“မနှစ်က သုံးရာကို ဝယ်သူမရှိလို့ လွှင့်ပစ်ရတဲ့ အခြေအနေပါ။ အဲဒါကြောင့်တောင်သူတွေ ဒီနှစ် အစိုက်နည်းတယ်။ အစိုက်နည်းခါမှပဲ စျေးက တော်တော်မြင့်လာတာ” လို့ ဆိပ်​ဖြူမြို့နယ်က ကြက်သွန်စိုက်တောင်သူ ဦးဌေးက သံလွင်တိုင်းမ်ကိုပြောပါတယ်။

ဆိပ်ဖြူမြို့နယ်က ကြက်သွန်တွေကို ပခုက္ကူက ဒိုင်တွေ ကိုယ်တိုင် ဆင်းဝယ်ကြပြီး မန္တလေးနဲ့ ရန်ကုန်ဒိုင်တွေကို ပို့ဆောင်နေရတယ်လို့ သိရပါတယ်။

ကြက်သွန်နီစျေး မြင့်မားနေပေမဲ့ တောင်သူအများစုက ၂၀၂၅ ခုနှစ်ကလို စျေးကျမှာ စိုးရိမ်တာကြောင့် တစ်ပိသာ ၃၀၀၀ ကျပ်စျေးကတည်းက ရောင်းထုတ်ကြပြီးဖြစ်တယ်လို့ သိရပါတယ်။

“စောင့်နိုင်သူတွေက ရကြမှာပေါ့။ ဒီနှစ်က စျေးကောင်းပေမဲ့ ရောင်းစရာပစ္စည်းက မရှိဘူး။ ရေကြီးနေကြလို့ စျေးတက်တာမျိုးလည်း မဟုတ်ဘူး။ စျေးစဖွင့်ကတည်းက တက်နေတာ။” လို့ ပွင့်ဖြူမြို့နယ်က ကြက်သွန်စိုက်တောင်သူတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

မကွေးတိုင်းမှာ ၂၀၂၆ ခုနှစ် ဧပြီလမှာ ကြက်သွန်နီစတင်ပေါ်ချိန်က တစ်ပိသာကို ၁၅၀၀ ကျပ်စျေးနဲ့ စဖွင့်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ကြက်သွန်နီကို မကွေးတိုင်းမှာ နိုဝင်ဘာမှာ ပျိုးထောင်ပြီး ဒီဇင်ဘာလမှာ စိုက်ပျိုးကာ ရိတ်သိမ်းနိုင်တဲ့အချိန်က ရက် ၁၀၀ ဝန်းကျင်ကြာမြင့်တယ်လို့ သိရပါတယ်။

ကြက်သွန်နီ တစ်ဧက စိုက်ပျိုးစရိတ်ဟာ ကျပ်သိန်း ၈၀ ဝန်းကျင် ကုန်ကျပြီးရာသီဥတု မဖောက်ပြန်လို့ အထွက်နှုန်းကောင်းမယ်ဆိုရင် ပိသာ ၆၀၀၀ ဝန်းကျင် ထွက်တယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.