တနင်္သာရီ၊ စက်တင်ဘာ ၄
တနင်္သာရီတိုင်း တနင်္သာရီမြို့နယ် ရေခမ်းချောင်းကျေးရွာမှာ ဒေသကာကွယ်ရေး PDF တပ်ဖွဲ့တွေနဲ့ နီးစပ်သူအပါအဝင် ၂ ဦး ဖမ်းဆီးသတ်ဖြတ်ခံရပြီး အလောင်းစွန့်ပစ်ခံရတယ်လို့ သိရပါတယ်။
သတ်ဖြတ်ခံရသူတွေက တော်လှန်ရေးအဖွဲ့နဲ့နီးစပ်သူ ရေခမ်းချောင်းကျေးရွာနေ အသက် ၅၀ ကျော်အရွယ် ကိုမျိုးလွင်နဲ့အသက် ၂၀ ကျော်အရွယ် လူငယ်တို့ဖြစ်ပြီး ဩဂုတ် ၃၁ ရက်နေ့မှာ အာဏာသိမ်း စစ်တပ်စစ်ကြောင်းက ဖမ်းဆီးခဲ့တာပါ။
အဲဒီနောက် ဇဝဲကျေးရွာအခြေစိုက် ခမရ ၅၅၆ ထဲကို ဖမ်းဆီးသွားပြီးနောက် စက်တင်ဘာ ၁ ရက်နေ့ မနက် ၁၁ နာရီလောက်မှာ အဲဒီ အမျိုးသား အလောင်း ၂ လောင်းကို ဆင်ဒင်ကျေးရွာအနီး ချောင်းထဲမှာ လာရောက်စွန့်ပစ်သွားတယ်လို့ ဆိုပါတယ်။
ခရီးသွားရင်း စစ်ကြောင်းနဲ့တိုးရာက အဖမ်းခံခဲ့ရတာဖြစ်ပြီး အသတ်ခံရပြီးနောက် အလောင်းကို ချောင်းထဲ လာပစ်သွားကြောင်း၊ အနီးနားမှာ စစ်တပ်ရှိနေလို့ အလောင်းကို ဒီနေ့အထိ မကောက်ရသေးဘူးလို့ ဒေသအခြေစိုက် PDF တပ်ဖွဲ့ဝင်တစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ဖမ်းဆီးသတ်ဖြတ်ခံရသူ ၂ ဦးအနက် ဥိးမျိုးလွင်သာ တော်လှန်ရေးအဖွဲ့တွေနဲ့နီးစပ်သူတဦးဖြစ်တယ်လို့ သိရပြီး ကျန်လူငယ်ကတော့ ရွာခံသက်သက်သာဖြစ်တယ်လို့ ဆိုပါတယ်။
စက်တင်ဘာ ၃ ရက်နေ့အထိ စစ်တပ်စစ်ကြောင်းဟာ ရေခမ်းချောင်း၊ ဆင်ဒင်ကျေးရွာတဝိုက်မှာ စစ်ရေးလှုပ်ရှားနေတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ် ၂၈ ရက်နေ့ကလည်း စစ်တပ် စစ်ကြောင်းဟာ ရေခမ်းချောင်းကျေးရွာကို ဝင်ရောက်ခဲ့ပြီး နေအိမ်တစ်လုံးကို မီးရှို့ခဲ့သေးတယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media

