ဘီးလင်း၊ စက်တင်ဘာ ၃
မွန်ပြည်နယ် ဘီးလင်းမြို့နယ် ဇုတ်သုတ်ကျေးရွာမှာ စက်မှုဇုန် ဖော်ဆောင်သွားမယ်လို့ ဒီကနေ့ထုတ် စစ်တပ် အသွင်းပြောင်း အစိုးရရဲ့ ဝါဒဖြန့်သတင်းစာတွေမှာ ဖော်ပြထားပါတယ်။
စက်မှုဇုန် ဖော်ဆောင်မယ့် မြေနေရာကို မနေ့ စက်တင်ဘာ ၂ ရက်နေ့က စစ်တပ် အသွင်းပြောင်း မွန်ပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်းနဲ့ တာဝန်ရှိသူတွေ သွားရောက်ကြည့်ရှု့ခဲ့ပါတယ်။
အဲဒီစက်မှုဇုန်ကိုတော့ ဇုတ်သုတ်ကျေးရွာအုပ်စု ကွင်းအမှတ် (၂၆၇+၂၆၇ က)ရဲ့ မြေဧက ၁၅၀ မှာ စီမံကိန်း ဖော်ဆောင်သွားဖို့ စီစဉ်ထားပါတယ်။
ဒါကြောင့် မူလစားကျက်မြေ ဇုတ်သုတ်စက်မှုဇုန်မြေအား အရင်က အမှတ်(၂) စက်မှုဝန်ကြီးဌာနမှ နိုင်ငံတော်သို့ ပြန်လည် အပ်နှံတဲ့ မြေနေရာတွေ ရောနှောမှု မရှိစေရေး ဆောင်ရွက်ဖို့ ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်းက ညွှန်ကြားခဲ့ပါတယ်။
မွန်ပြည်နယ်မှာတော့ စက်မှုဇုန်အဖြစ် မော်လမြိုင် စက်မှုဇုန်နဲ့ ကျောက်တန်းစက်မှုဇုန် နှစ်ခု ဖော်ဆောင်ထားပါတယ်။
ဒါပေမယ့် စက်မှုဇုန်တွေဟာ လျှပ်စစ်မီး မမှန်တာ၊ အာဏာသိမ်းပြီးနောက်ပိုင်း သွင်းအားစု ကုန်ကြမ်းပစ္စည်းတွေ ဈေးနှုန်းအဆမတန် မြင့်တက်နေတာကြောင့် အလုပ်ရုံအများစု လုပ်ငန်းရပ်ထားရပါတယ်။
သတင်း – သံလွင်တိုင်းမ်

