နေပြည်တော်၊ စက်တင်ဘာ ၄

ပြည်သူ့စစ်မှုထမ်းအဖြစ် သတ်မှတ်ကာလ ၂ နှစ် တာဝန်ထမ်းဆောင်ပြီးတဲ့သူတွေကို အလုပ်အကိုင် ရရှိရေးအတွက် စစ်တပ်ထောက်ခံတဲ့ တယ်လီဂရမ်ချန်နယ်တချို့မှာ အလုပ်ခေါ်စာတွေနဲ့ မက်လုံးပေးပြီး ဝါဒဖြန့်လာပြန်ပါတယ်။

နိုင်ငံတော်ကာကွယ်ရေး တာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့တဲ့ စစ်မှုထမ်းတွေကို ပြည်တွင်းပြည်ပ ကုမ္ပဏီတွေက အလုပ်ခေါ်စာတွေ ကမ်းလှမ်းနေတယ်ဆိုပြီး အလုပ်အကိုင်အမျိုးအစား လစာနှုန်းထား အချိန်ပိုကြေး လူမှုဖူလုံရေးနဲ့ အထွေထွေ စတဲ့ အကျိုးခံစားခွင့်တွေကို ဖော်ပြလာနေတာပါ။

စစ်မှုထမ်းတာဝန်ခဲ့ဆောင်ခဲ့ကြတဲ့ နိုင်ငံ့သားကောင်းတွေအနေနဲ့ စိတ်ဓာတ်ခံယူချက် ကောင်းမွန်တာ စစ်ပညာတွေ တတ်မြောက်တာ ကိုယ်ခန္ဓာကြံ့ခိုင်မှုနဲ့ ကျန်းမာရေးကောင်းမွန်သူတွေဖြစ်တာကြောင့် ပုဂ္ဂလိက ကုမ္ပဏီတွေအနေနဲ့ သူတို့လုပ်ငန်းတွေမှာ ပိုမိုခန့်အပ်လိုတယ်ဆိုပြီး မက်လုံးပေးထားတာ တွေ့ရပါတယ်။

အဲဒီထဲမှာတော့ လုံခြုံရေးဝန်ထမ်းအဖြစ် ဝင်ရောက်လုပ်ကိုင်နိုင်ဖို့ စစ်မှုထမ်းတာဝန် သတ်မှတ်ကာလပြည့်ပြီး ပြန်လာသူတွေကို ဦးစားပေး အလုပ်ခေါ်ယူနေတယ်ဆိုပြီး လုံခြုံရေးကုမ္ပဏီ တချို့ရဲ့ အလုပ်လျှောက်ထားခြင်းဆိုင်ရာ ဆက်သွယ်ရမယ့် ဖုန်းနံပါတ်တွေကိုလည်း ဖော်ပြထားတာပါ။

ဒါ့အပြင် မိုးကြိုးလွှဲတပ်ဆင်တာ၊ လမ်းမီးတပ်ဆင်တာ၊ Earth Box တပ်ဆင်တာ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ လျှပ်စစ်ဆိုင်ရာ ထုတ်ကုန်တွေ ထုတ်လုပ်တဲ့ အလုပ်တွေကိုလည်း စိတ်ကြိုက် ဆက်သွယ်လျှောက်ထားနိုင်တယ်လို့ တယ်လီဂရမ်ချန်နယ် တချို့မှာ အသိပေးထားတာ ဖြစ်ပါတယ်။

စစ်တပ်ထောက်ခံတဲ့ တယ်လီဂရမ်ချန်နယ် တချို့ကနေ ဖော်ပြထားတဲ့ ကုမ္ပဏီတွေနဲ့ပတ်သက်ပြီး မြေပြင်မှာ တကယ် ရှိ မရှိ၊ စစ်မှုထမ်းတွေကို အမှန်တကယ် အလုပ်ခန့်အပ်ခြင်း ရှိ မရှိဆိုတာကိုတော့ သံလွင်တိုင်းမ်အနေနဲ့ သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

တဖက်မှာတော့ စစ်မှုထမ်းတာဝန်ကျေပွန်စွာ ထမ်းဆောင်ပြီးတဲ့သူတွေ နေရပ်ကို ပြန်လာကြတဲ့အခါ မိသားစုဝင်တွေ ရပ်ကွက်/ကျေးရွာတာဝန်ရှိသူတွေနဲ့ ပြည်သူတွေက ပန်းကုံးတွေ ငွေကြေးတွေအပြင် ထမ်းစင်နဲ့ ထမ်းပြီး ကြိုဆိုဂုဏ်ပြုတဲ့ ဗီဒီယိုတွေလည်း TikTok အကောင့်တွေမှာ ဖော်ပြတာလည်း ရှိနေပြန်ပါတယ်။

ဒေသခံပြည်သူတစ်ဦးက သတ်မှတ်ကာလပြည့်လို့ နေရပ်ကို ပြန်လွှတ်တဲ့ စစ်မှုထမ်းတပ်သားတွေကို မကြားမိသလို အလုပ်အကိုင် ရှာဖွေပေးမယ်ဆိုတာလည်း အယုံအကြည်မရှိဘူးလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“ကျွန်တော်တို့ဘက်ခြမ်းမှာကျတော့ အဲဒီလိုမျိုး သူတို့အပြောပဲလေ။ လက်တွေ့မှာကျတော့ မတွေ့ရဘူးပေါ့နော်။ နောက်သူတို့ အဲဒီလို လုပ်တာကလည်း သူတို့အချင်းချင်း လူတွေပဲ လုပ်တာပေါ့။ ဒီဘက်နယ်မှာကျတော့ အဲဒီလိုမျိုး ပြန်လွှတ်ပေးတာတို့ ဘာတို့ သိပ်ပြီးတော့ မကြားမိဘူးလေ။ ဘယ်သူမှလည်း အယုံအကြည်မရှိပါဘူး။ (အလုပ်အကိုင်) ပေးမှာလည်း မဟုတ်ဘူး ကျွန်တော်ထင်တာ သူတို့ စကားလှအောင်ပဲ ပြောတာ” လို့ ဆိုပါတယ်။

၂၀၂၄ ခုနှစ် ဖေဖော်ဝါရီမှာ အသက်သွင်းခဲ့တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေကြောင့် လူငယ်တွေကို နည်းလမ်းမျိုးစုံနဲ့ တပ်သားအဖြစ် ခေါ်ယူစုဆောင်းရာမှာ အခုအခါမှာတော့ စစ်မှုထမ်း အပတ်စဉ် ၂၅ အထိ သင်တန်းဆင်းထားပြီး အပတ်စဉ် ၄ အထိ သတ်မှတ်ကာလပြည့်မြောက်ထားတာပါ။

စစ်အစိုးရကတော့ ပြည်သူ့စစ်မှုထမ်းကာလ ၂ နှစ်ပြည့်မြောက်သွားတဲ့ တပ်သားတွေကို အစိုးရနဲ့ ပုဂ္ဂလိကမှာ အလုပ်အကိုင်ရရှိရေး အခွင့်အလမ်းတွေနဲ့ ပတ်သက်ပြီး စီမံဆောင်ရွက်ပေးနေတယ်ဆိုတဲ့ ဝါဒဖြန့်ချိမှုတွေ ဆက်တိုက်လုပ်ဆောင်လာနေတာပါ။

နိုင်ငံပိုင်ဝါဒဖြန့်သတင်းစာတွေမှာလည်း စစ်မှုထမ်းတာဝန် ကျေပွန်စွာထမ်းဆောင်ခဲ့သူများ အလုပ်အကိုင် ရရှိရေး စီမံခန့်ခွဲမှုကော်မတီအနေနဲ့ သတ်မှတ်ကာလပြည့်မြောက်လို့ နေရပ်အသီးသီးကို ပြန်ကြမယ့် စစ်မှုထမ်းတွေအတွက် အလုပ်အကိုင်တွေ ရရှိအောင် လုပ်ဆောင်ပေးနေတယ်လို့ ဆိုပါတယ်။

အသက်မွေးဝမ်းကျောင်းသင်တန်း တက်ရောက်လိုသူတွေ အစိုးရဝန်ထမ်းနဲ့ ပြည်တွင်းပြည်ပ ကုမ္ပဏီဝန်ထမ်းအဖြစ် လုပ်ကိုင်လိုသူတွေနဲ့ ကိုယ်ပိုင်စီးပွားရေး လုပ်ကိုင်လိုသူတွေကို သက်ဆိုင်ရာဝန်ကြီးဌာနတွေ UMFCCI နဲ့ ပြည်ပအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီတွေနဲ့ ချိတ်ဆက်ပေးသွားမယ်လို့ အသိပေးထားတာပါ။

စစ်အစိုးရရဲ့ အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီးရဲ့ ပြောဆိုချက်အရ ပြည်သူ့စစ်မှုထမ်း အပတ်စဉ် ၄ အထိ စစ်မှုထမ်းကာလ ၂ နှစ် တာဝန်ထမ်းဆောင်ပြီးတဲ့သူတွေထဲက တပ်သား ၈ ဦးကို အလုပ်အကိုင်ပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။

ဒါဟာ စစ်မှုထမ်းအပတ်စဉ် တစ်ခုမှာ တပ်သား ၅၀၀၀ နှုန်း ခေါ်ယူစုဆောင်းနေတဲ့ အရေအတွက်နဲ့ နှိုင်းယှဉ်ရင် မပြောပလောက်တဲ့ အနေအထားဖြစ်ပါတယ်။

အိမ်ကိုပြန်လည်စေလွှတ်တဲ့ တပ်သားအရေအတွက်ကိုလည်း စစ်အစိုးရဘက်က ထုတ်ပြန်ခြင်း မရှိတာကြောင့် တိုက်ပွဲအတွင်း ထိခိုက်သေဆုံးမှုအရေအတွက် ပိုများနိုင်တယ်လို့ CDM တပ်အသိုင်းအဝိုင်းက သုံးသပ်ထားကြတာပါ။

စက်တင်ဘာ ၂ ရက်နေ့က ‌ရွှေကူမြို့ကနေ ဗန်းမော်မြို့ကို ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာတဲ့ စစ်သင်္ဘောတွေကို ကချင်လွတ်လပ်ရေးတပ်တော် KIA နဲ့ ပူးပေါင်းတပ်တွေ တိုက်ခိုက်ခဲ့ရာမှာ ပျက်စီးမှု တချို့ရှိပြီး စစ်တပ်တပ်ဖွဲ့ဝင် ၁၀၀ ကျော်ကို စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရမိထားတယ်လို့ ဒေသတွင်းသတင်းတွေက ဖော်ပြကြပါတယ်။

NUG ရဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်ကလည်း ဧရာဝတီမြစ်ကြောင်း စစ်မျက်နှာနဲ့ မကွေးတိုင်း တိုက်ပွဲတွေအတွင်း စစ်တပ်ရဲ့ ထောက်ပို့ရေယာဉ်တွေ လက်နက်နဲ့ ရိက္ခာတင်မော်တော်ယာဉ်တွေအပြင် ရန်သူ့တပ်သားတွေကို FPV ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တဲ့ ရုပ်သံမှတ်တမ်းအချို့ကို စက်တင်ဘာ ၁ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.