မကွေး စက်တင်ဘာ ၂

မကွေးတိုင်း ပွင့်ဖြူမြို့နယ်မှာ ဒေသကာကွယ်ရေးအဖွဲ့တွေရဲ့ ပစ်ခတ်တာကြောင့် အမျိုးသမီး တစ်ဦး သေဆုံးသွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ သြဂုတ် ၃၀ ရက် မနက်ပိုင်းက ကျောင်းကုန်းကြီးကျေးရွာနဲ့ ရေပုတ်ကြီးကျေးရွာအကြားမှာ ပစ်ခတ်မှုဖြစ်ပြီး ရေပုတ်ကြီးကျေးရွာက အမျိုးသမီး ၁ ဦးသေဆုံးကာ ၁ ဦးဒဏ်ရာရတယ်လို့ သိရပါတယ်။

“ပျူစောထီးခေါင်းဆောင် ကြံကြီးဆိုတဲ့သူကို ကင်းပုန်းချပြီး ပစ်ခတ်တာလို့ သိထားတယ်။ သေဆုံးတဲ့ အမျိုးသမီးက ဘယ်လို ပတ်သက်တယ်ဆိုတာတော့ မသိရဘူး” လို့ ဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

သေဆုံးသွားတဲ့ အမျိုးသမီးဖြစ်သူရဲ့ မိသားစုဝင်တစ်ဦးကတော့ အပြန်အလှန်ပစ်ခတ်ရာကနေတဆင့် သေဆုံးတာမျိုးမဟုတ်ဘဲ ပျူခေါင်းဆောင်မောင်းလာတဲ့ သုံးဘီးဆိုင်ကယ်ကို ကာကွယ်ရေးအဖွဲ့တွေက တားဆီးရာမှာ ရပ်မပေးလို့ ပစ်ခတ်ရာကတဆင့် သေဆုံးတာလို့ သိရပါတယ်။

“အဲဒီနေ့က သေဆုံးတဲ့ အမျိုးသမီးရဲ့ မတ်(ညီမရဲ့ယောက်ျား) ဖြစ်သူ အသုဘကပွင့်ဖြူမြို့ပေါ်မှာ ရှိတယ်။ အဲဒီအသုဘကို သွားဖို့ တခြား သုံးဘီးငှားမရလို့ ကြံကြီးရဲ့ သုံးဘီးကို ငှားသွားတာ၊ အပြန်ကျတော့ ရပ်ဖို့တားတယ်။ ကြံကြီးကမရပ်တော့ ပစ်တော့တာပဲ” လို့ သေဆုံးသူရဲ့ ဆွေမျိုးက သံလွင်တိုင်းမ်ကိုပြောပါတယ်။

ပစ်ခတ်ခံရစဉ်မှာ သုံးဘီးမောင်းပြီး ထွက်ပြေးခဲ့တာကြောင့်ပျူစောထီးခေါင်းဆောင် ကြံကြီးက လွတ်မြောက်သွားတယ်လို့ သိရပါတယ်။

သေဆုံးသူတွေရဲ့ မိသားစုဝင်တွေကတော့ ရပ်ကွက်ထဲမှာပြောဆိုနေကြသလို ပျူစောထီးအမျိုးသမီးတွေ မဟုတ်ကြောင်း ပြည်သူလူထုကို သိစေချင်တယ်လို့ ဆိုပါတယ်။

အာဏာသိမ်းစစ်တပ်ရဲ့ ဝါဒဖြန့်ချန်နယ်တွေက ရေပုတ်ကြီးကျေးရွာက အမျိုးသမီးတွေ ဈေးဝယ်ထွက်တာကို PDF က အကြောင်းမဲ့ပစ်ခတ်တယ်လို့ ရေးသားဖော်ပြတာတွေ ရှိနေပြီး ကာကွယ်ရေးအဖွဲ့တွေနဲ့ နီးစပ်သူတွေကတော့ ပျူစောထီးတွေဈေးဝယ်ထွက်တာကို အပြန်လှန်ပစ်ခတ်မှုတွေဖြစ်ပွားခဲ့တာလို့ ဒေသတွင်းမှာ ပြောဆိုနေကြပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.