မော်လမြိုင်၊ စက်တင်ဘာ ၂
မွန်ပြည်နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးတချို့ဟာ စစ်မှုထမ်း အကြုံးဝင်တဲ့ လူငယ်တွေကို ကိုယ်တိုင် လိုက်လံဖမ်းဆီးပြီး စစ်သင်တန်းကျောင်းတွေထံ ပို့ဆောင်မှုတွေ ရှိလာတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
လစဉ် ဖွင့်လှစ်နေတဲ့ စစ်မှုထမ်း သင်တန်းအတွက် တပ်သား လိုအပ်ချက်ရှိနေတဲ့ အာဏာသိမ်း စစ်တပ်ဟာ အုပ်ချုပ်ရေးမှူးတွေအနေနဲ့ မဖြစ်မနေ စစ်မှုထမ်း စုဆောင်းပေးဖို့ ဖိအားပေးမှုတွေ ဆက်တိုက်လုပ်ဆောင်နေပါတယ်။
စစ်တပ်ရဲ့ ဖိအားပေးကြောင့် အုပ်ချုပ်ရေးမှူးတချို့ဟာ ဒေသတွင်းရှိ လူငယ်တွေနဲ့ ခရီးသွားပြည်သူတချို့ကို ဖမ်းဆီးပြီးနောက် စစ်တပ်နဲ့ချိတ်ဆက်ကာ စစ်သင်တန်းကျောင်းတွေထံ ပို့ဆောင်နေတာပါ။
အုပ်ချုပ်ရေးမှူးတွေဟာ အရင်က စစ်မှုထမ်း တပ်သားအတွက် စစ်တပ်နဲ့ရဲတပ်ဖွဲ့က ဖမ်းဆီးထားတဲ့ လူငယ်တွေကို ပြန်လည်ဝယ်ယူပြီး စစ်သားစုဆောင်းရာကနေ အခုနောက်ပိုင်းမှာ ကိုယ်တိုင် ဖမ်းဆီးပြီး စစ်မှုထမ်း စုဆောင်းလာပါတယ်။
စစ်မှုထမ်း ဖမ်းဆီးရာမှာလည်း အုပ်ချုပ်ရေးမှူးတချို့ဟာ ဖမ်းဆီးထားတဲ့ လူငယ်တွေ ပြန်လည်လွတ်မြောက်ရေးအတွက်ဆိုပြီး မိသားစုတွေထံ ငွေကြေး သိန်းရာနဲ့ချီ တောင်းခံတာတွေအထိ ရှိလာပါတယ်။
ဒေသခံတွေရဲ့ ပြောပြချက်အရ အုပ်ချုပ်ရေးမှူးတွေဟာ ရပ်ကွက်ကျေးရွာတွေမှာ ဖွဲ့စည်းထားတဲ့ ပြည်သူ့စစ်အဖွဲ့တွေ၊ ပြည်သူ့လုံခြုံရေးနဲ့အကြမ်းဖက် နှိမ်းနင်ရေးအဖွဲ့တွေအပြင် သူတို့ကိုင်ဆောင်ထားတဲ့ လက်နက်အားကိုးနဲ့ ထင်တိုင်းကြဲလာတာလို့ ဆိုပါတယ်။
မွန်ပြည်နယ်အတွင်းမှာရှိတဲ့ စစ်တပ် အသွင်းပြောင်း အစိုးရက ပြန်လည်ခန့်အပ်ထားတဲ့ အုပ်ချုပ်ရေးမှူးတွေဟာ စစ်တပ် ခွင့်ပြုချက်နဲ့ လက်နက်တွေကို တရားဝင်သဖွယ် ကိုင်ဆောင်ခွင့် ရရှိထားပါတယ်။
တဖက်မှာလည်း အုပ်ချုပ်ရေးမှူးတွေဟာ စစ်မှုထမ်း အကြုံးဝင်တဲ့ လူငယ်တွေကို ဆင့်ခေါ်စာတွေ ပေးပို့တာ၊ မဲနှိုက်ရွေးချယ်တာအပြင် စစ်မှုထမ်း အမည်စာရင်းသွင်းဖို့ ပျက်ကွက်တဲ့ မိသားစုတွေကိုလည်း ခြိမ်းခြောက်မှုတွေ လုပ်ဆောင်နေပါတယ်။
တချို့အုပ်ချုပ်ရေးမှူးတွေကတော့ စစ်မှုထမ်းအတွက် ရပ်ကွက်ကျေးရွာတွေမှာ အိမ်ထောင်စု တစ်ခုလျှင် ငွေကျပ် ၁၀၀၀၀ ကနေ ၃၀၀၀၀ အထိ တောင်းခံပြီး စစ်မှုထမ်း ပြန်လည်ဝယ်ယူကာ စစ်တပ်အတွက် တပ်သားစုဆောင်းပေးနေပါတယ်။
သံလွင်တိုင်းမ်က ပြုစုထားတဲ့ အချက်အလက်တွေအရ မွန်ပြည်နယ်မှာ စစ်တပ် လစဉ်ဖွင့်လှစ်နေတဲ့ စစ်မှုထမ်း အပတ်စဉ် ၁ ကနေ အပတ်စဉ် ၂၇ အထိ စစ်သားစုဆောင်းခံရသူ ၅၆၀၀ ထက်မနည်း ရှိလာခဲ့ပါတယ်။
သတင်း – သံလွင်တိုင်းမ်

