ထားဝယ်၊ စက်တင်ဘာ ၃

တနင်္သာရီတိုင်း ထားဝယ်မြို့နယ် အရှေ့တောဒေသက ကျေးရွာတချို့ကို အာဏာသိမ်း စစ်တပ် လေကြောင်းကနေ ဗုံးကြဲသွားတာကြောင့် ထောင်နဲ့ချီတဲ့ ဒေသခံတွေ တိမ်းရှောင်နေရတယ်လို့ နယ်မြေခံ သတင်းရင်းမြစ်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စက်တင်ဘာ ၁ ရက်နေ့ကစလို့ အင်အား ၁၅၀ ကျော်ပါတဲ့ စစ်တပ် စစ်ကြောင်းဟာ ထားဝယ်အရှေ့တောင်ဒေသထဲ စစ်ကြောင်းထိုး ဝင်ရောက်လာပြီး လေကြောင်းကနေလည်း ဗုံးကြဲမှုတွေ လုပ်ဆောင်ခဲ့ပါတယ်။

စစ်တပ်ရဲ့ လေကြောင်းဗုံးကြဲမှုကြောင့် ထားဝယ်အရှေ့တောဒေသ ရေဝိုင်းကျေးရွာအနီး ကျရောက်ပေါက်ကွဲခဲ့ပေမယ့် လူထိခိုက်ဒဏ်ရာရတာ မရှိဘူးလို့ ဆိုပါတယ်။

လက်ရှိမှာ စစ်တပ်ရဲ့ လေကြောင်းရန်ကြောင့် ရဲအိုင်၊ ပခတ်အင်း၊ ကင်းကုန်း၊ ပဒိုင်းချောင်းနဲ့ရေဝိုင်းကျေးရွာက ဒေသခံပြည်သူ ၁၀၀၀ ကျော် ဘေးလွတ်ရာကို တိမ်းရှောင်နေကြရပါတယ်။

စစ်တပ်စစ်ကြောင်းဟာ စက်တင်ဘာ ၂ ရက်နေ့မှာ ရဲအိုင်ကျေးရွာအနီး ရောက်ရှိလာတာကြောင့် ဒေသအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ နှစ်ဖက်စစ်ရေး တင်းမာနေပါတယ်။

တော်လှန်ရေးအင်အားစုတွေကတော့ စစ်တပ်ရဲ့ စစ်ကြောင်းထိုးမှုဟာ ပြီးခဲ့တဲ့ သြဂုတ် ၂၉ ရက်နေ့က မောင်မယ်ရှောင်ကျေးရွာအနီးမှာ ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲအတွင်း အထိနာသွားတာကြောင့် အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထပ်ထိုးလာတာ ဖြစ်တယ်လို့ ဆိုပါတယ်။

မောင်မယ်ရှောင်ကျေးရွာအနီးမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်စစ်ကြောင်းဘက်က တပ်သား ၁၅ ဦး သေဆုံးပြီး သေနတ် ၈ လက်နဲ့ ဆက်စပ်ပစ္စည်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ ဒူကရစစ်ကြောင်းက သတင်းထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.