ကျိုက်မရော ၊ စက်တင်ဘာ ၂
ရေကြီးရေလျှံမှုတွေ ဆိုးဆိုးဝါးဝါးဖြစ်ပွားနေတဲ့ မွန်ပြည်နယ် ကျိုက်မရောမြို့နယ်နဲ့ ဘီးလင်းမြို့နယ်တို့က သောင်းနဲ့ချီတဲ့ ရေဘေးသင့်သူတွေဟာ စစ်တပ် အသွင်းအပြောင်း အစိုးရဆီကနေ အကူအညီ မရကြဘူးလို့ ရေဘေးသင့်ပြည်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ကျိုက်မရောမြို့နယ်ဟာ ပြီးခဲ့တဲ့ ဩဂုတ် ၂၄ ရက်နေ့ကစလို့ မိုးသည်းထန်စွာ ရွာသွန်းမှုနဲ့အတူ အတ္ထရံမြစ်ရေ ဆက်တိုက် ဆိုသလို မြင့်တက်လာတာကြောင့် ရပ်ကွက်ကျေးရွာ အုပ်စု ၁၅ စု၊ ကျေးရွာပေါင်း ၄၀ ကျော်မှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပွားနေတာပါ။
အလားတူ ဘီးလင်းမြို့နယ်မှာလည်း ပြီးခဲ့တဲ့ ဩဂုတ် ၂၆ ရက်နေ့ကတည်းက ဘီးလင်းမြစ်ရေ မြင့်တက်လာမှုနဲ့အတူ မြေနိမ့်ပိုင်း ရပ်ကွက် ကျေးရွာပေါင်း ၁၇ ရွာထက်မနည်း ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်နေရပါတယ်။
ကျိုက်မရော ဒေသခံ တစ်ဦးကတော့ ရေဘေးသင့်ပြည်သူတေံဟာ နီးစပ်ရာ မြင့်တဲ့ အိမ်နီးချင်း နေအိမ်တွေနဲ့ ဘုန်းကြီးကျောင်းတွေမှာ ကိုယ့်အစီအစဉ်နဲ့ကို ပြောင်းရွှေ့နေထိုင်နေရပြီး စစ်အစိုးရရဲ့ အကူအညီတွေ လုံးဝ မရနေဘူးလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“ရေကြီးမှု အခြေအနေက နည်းနည်း မြင့်တက် နေတာပေါ့။ လူအရပ် မမီတော့ဘူးလေ။ ရေမြုပ်တာ နှစ်ပတ်လောက် ရှိပြီးပေါ့။ အိမ်နားနီးချင်း မြင့်တဲ့အိမ်ကို ပြောင်းတယ်။ ဘုန်းကြီးကျောင်းမှာ နေတယ်၊ ဒီလိုပဲပေါ့ လိုက်ပတ်နေတာပေါ့။ အစိုးရရဲ့ အကူအညီ မရဘူး။ အခက်အခဲကတော့ စားသောက်တဲ့ နေရာမှာ အခက်အခဲ ဖြစ်တာပေါ့”လို့ ဆိုပါတယ်။
ဒါ့အပြင် ရေမြုပ်ရက်ကြာလာတဲ့အတွက် အခြေခံ စားသောက်ကုန်တွေ၊ သောက်သုံးရေတွေအပြင် ဖျားနာသူတွေအတွက် ဆေးဝါးတွေကအစ လိုအပ်ချက် ရှိလာပြီး စစ်အစိုးရက အကူအညီ မပေးတာကြောင့် ရှိတာလေးတွေနဲ့ ဖြေရှင်း နေရတယ်လို့ သူက ဆက်ပြောပါတယ်။
ဘီးလင်း ဒေသခံ တစ်ဦးကလည်း ဒီရေဘေးမှာ အလှူရှင်တွေနဲ့ ပရဟိတအဖွဲ့တွေကပဲ ထောက်ပံ့ပေးကြပြီး စစ်အစိုးရအနေနဲ့ ကူညီတာ ဘာတစ်ခုမှ မရှိသေးဘူးလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“ဘီးလင်းမြို့နယ်အနေနဲ့ တွက်မယ်ဆိုရင် ရွာမြုပ်နေတာ နတ်ကြီးကစပြီးတော့ လိပ်ခုံးဘက် ၁၇ ရွာ လောက်တော့ ရှိတယ်။ ထမင်းထုပ် တစ်မနက် လာလှူတဲ့ တစ်ဖွဲ့ရှိတယ်။ ဒါလည်း အရပ်သားတွေပေါ့၊ နောက်မားမား တစ်ထုပ် မားမားနဲ့ ဆန်နဲ့ လာလှူတာ တစ်ဖွဲ့ရှိတယ်၊ ပရဟိတတွေကပဲ ရှိတဲ့ ကိုယ်ဘာကို တက်နိုင်တဲ့ခွန် တက်နိုင်သလောက်လေ ထောက်ပံ့တာပေါ့။ လက်ရှိ အစိုးရက ကူညီတာ ဘာတစ်ခုမှ မရှိသေးဘူး”လို့ ဆိုပါတယ်။
တဖက်မှာတော့ စစ်တပ် အသွင်ပြောင်း မွန်ပြည်နယ် အစိုးရအဖွဲ့ဟာ ပြီးခဲ့တဲ့ သြဂုတ် ၂၈ ရက်နေ့က ကျိုက်မရောမြို့နယ်က ရေဘေးသင့်ပြည်သူ ၁၃၀ ကျော်ကို စားနပ်ရိက္ခာတချို့ကို ဟန်ပြ လာရောက်ကူညီပေးခဲ့ပေမယ့် တခြားနေရာတွေကိုတော့ လုံခြုံရေး အကြောင်းပြချက်နဲ့ သွားရောက်လှူဒါန်းပေးတာ မရှိပါဘူး။
ပြီးခဲ့တဲ့ NLD အစိုးရ လက်ထက်က ရေကြီးရေလျှံမှု ဖြစ်ပွားပါက ဝန်ကြီးချုပ်အပါအဝင် တာဝန်ရှိသူတွေဟာ ရေဘေး အတွက် ကွပ်ကဲရေးရုံးတွေ ဖွင့်လှစ်ပြီး ကိုယ်တိုင် စီမံခန့်ခွဲပေးတာကြောင့် ရေဘေးသင့် ပြည်သူတွေအတွက် အကူအညီ အများအပြား ရရှိခဲ့ဖူးတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
လက်ရှိမှာတော့ ရေးဘေးသင့် ပြည်သူအများစုဟာ စစ်အစိုးရရဲ့ အကူအညီ မရတဲ့အတွက် အခြေခံ စားသောက်ကုန်၊ သောက်သုံးရေ၊ ဆေးဝါးတွေအပြင် အမျိုးသမီး လစဉ်သုံးတွေကအစ လိုအပ်ချက်တွေ ရှိနေတယ်လို့ သိရပါတယ်။
မွန်ပြည်နယ်အတွင်းရှိ ကျိုက်မရောမြို့နယ်နဲ့ ဘီးလင်းမြို့နယ်က ရေဘေးသင့် ပြည်သူတွေကိုတော့ ပရဟိတအဖွဲ့တွေ၊ အလှူရှင်တွေနဲ့ ဒေသခံတွေကသာ ဦးဆောင်ပြီး ကိုယ်ထူကိုယ်ထ တက်နိုင်သလောက် လုပ်ဆောင်ပေးနေတာ ဖြစ်တယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ

