နေပြည်တော် ၊ စက်တင်ဘာ ၂
စစ်အာဏာသိမ်းမှု အကျိုးဆက်တွေကြောင့် ပြည်ပနိုင်ငံတွေကို နည်းလမ်းအသွယ်သွယ်နဲ့ ထွက်ခွာသွားခဲ့ကြတဲ့ လူငယ်တွေဆီက ပြန်လည် ကျေးဇူးဆပ်နိုင်ရေးကို စစ်အစိုးရရဲ့ ကိုယ်တိုင်ခန့် သမ္မတ ဦးမင်းအောင်လှိုင်က မျှော်ကိုးနေပါတယ်။
လူငယ်တွေနဲ့ ပတ်သက်ပြီး ဩဂုတ် ၃၁ ရက်နေ့က နေပြည်တော်အကယ်ဒမီမှာ ကျင်းပခဲ့တဲ့ ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲနဲ့ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင်စာမေးပွဲမှာ အောင်မြင်ခဲ့တဲ့ ကျောင်းသား၊ ကျောင်းသူတွေကို ဂုဏ်ပြုဆုချီးမြှင့်တဲ့ အခမ်းအနားမှာ ဦးမင်းအောင်လှိုင်က အခုလို ပြောကြားခဲ့တာပါ။
နိုင်ငံတော်အနေနဲ့ လူငယ်တွေရဲ့ အခန်းကဏ္ဍကို ထိထိရောက်ရောက် အာရုံစိုက်ပြီး အဘက်ဘက်က ဖြည့်ဆည်းပံ့ပိုးပေးမှာဖြစ်တာကြောင့် လူငယ်ရေးရာဝန်ကြီးဌာနကို အသစ်ဖွဲ့စည်းပြီး လူငယ်ရေးရာမူဝါဒတွေ ချမှတ်ကာ လူငယ်ကဏ္ဍကို မြှင့်တင်လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။
လူငယ်တွေ တိုင်းတစ်ပါးနိုင်ငံတွေမှာ သွားရောက်အလုပ်လုပ်ကိုင်နေကြတာဟာ နိုင်ငံတော်အတွက် အလွန်နစ်နာပြီး နိုင်ငံ့အရင်းအမြစ်တွေ များစွာဆုံးရှုံးရတယ်လို့ ပြောပါတယ်။
ဒါကြောင့် လူငယ်တွေအနေနဲ့ မိမိနိုင်ငံက သင်ပေးလိုက်တဲ့ ပညာရပ်တွေနဲ့ နိုင်ငံနဲ့လူမျိုးကို အကျိုးပြုပြီး ပြန်လည်ကျေးဇူးဆပ်နိုင်ကြဖို့ သူက တိုက်တွန်းခဲ့တာပါ။
ဒါ့အပြင် နိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ တည်ဆဲဥပဒေတွေနဲ့ စည်းမျဉ်းစည်းကမ်းတွေကို သိရှိလိုက်နာပြီး မှန်ကန်တဲ့ လုပ်ရပ်တွေနဲ့ နိုင်ငံကို အကျိုးပြုနိုင်အောင် ကြိုးစားကြစေလိုကြောင်းနဲ့ နိုင်ငံ့အကျိုးစီးပွားအတွက် ထိခိုက်စေမယ့်အရာတွေကို ရှောင်ကြဉ်ကြဖို့ ဖြစ်ပါတယ်။
ဒါ့အပြင် ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတော်ကြီးတည်ဆောက်ရာမှာလည်း ကျရာကဏ္ဍကနေ တစ်တပ်တစ်အား တာဝန်ကျေပွန်အောင် ပူးပေါင်းပါဝင်သွားကြဖို့ကိုလည်း ဦးမင်းအောင်လှိုင်က လူငယ်တွေကို တိုက်တွန်းထားတာပါ။
နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးက စစ်တပ်ရဲ့ သတ်ဖြတ်ဖမ်းဆီးမှုတွေကြောင့် လူငယ်တွေ ပြည်ပကို ထွက်ခွာနေရတဲ့အပေါ် နိုင်ငံ့အရင်းအမြစ် ရှားလာလို့ တိုင်းပြည်နစ်နာတာဟာ စစ်အာဏာရှင်ကြောင့်လို့ ထောက်ပြပါတယ်။
“အခုလက်ရှိ အာဏာသိမ်းထားတဲ့ စစ်တပ်ကနေပြီးတော့ တိုင်းပြည်နစ်နာပါတယ်ဆိုတော့ လူငယ်တွေကို သတ်ဖြတ်တယ် လူငယ်တွေကို ဖမ်းဆီးတယ် စစ်မှုထမ်းဥပဒေနဲ့ အတင်းပေါ်တာဆွဲတယ်။ လူငယ်တွေဟာ ကိုယ့်နိုင်ငံကနေ တရားဝင်ရော တရားမဝင်ရော ထွက်ပြီး ပြည်ပနိုင်ငံတွေမှာ အလုပ်သွားလုပ်ရတာ။ အလုပ်သွားလုပ်ရတဲ့အတွက် ကျွန်တော်တို့ နိုင်ငံမှာ လုပ်နိုင်တဲ့ အရင်းအမြစ် လူငယ်တွေက မရှိသလောက် ရှားသွားတယ်။အဲဒါကလည်း ဘယ်သူလုပ်လို့လဲ သူ (မအလ) လုပ်လို့ ထွက်သွားကြတာလေဗျာ။ အာဏာရှင်က စစ်အာဏာသိမ်းပြီးတော့ လူငယ်တွေကို ဖမ်းဆီးသတ်ဖြတ်နေတော့ လူငယ်တွေက ကြောက်လို့ သွားကြတဲ့အခါကျတော့ လူငယ်တွေက တိုင်းပြည်အတွက် နစ်နာပါတယ်ဆိုတော့ သူလုပ်လို့ ဒီလူငယ်တွေက ဒီလိုမျိုး သွားကြတဲ့အခါမှာ အဓိက ပြဿနာ သူပဲပေါ့ဗျာ”လို့ ဆိုပါတယ်။
၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ မဲမသမာမှုရှိခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်ကို အကြောင်းပြပြီး နိုင်ငံ့အာဏာကို လက်နက်အားကိုးနဲ့ သိမ်းယူခဲ့တဲ့ စစ်တပ်ဟာ ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြတဲ့ လူငယ်တွေအပါအဝင် ပြည်သူလူထုကို ပစ်မှတ်ထားခဲ့တာပါ။
စစ်တပ်ရဲ့ ပစ်ခတ်ဖြိုခွင်းမှုတွေ ဖမ်းဆီးဖိနှိပ်မှုတွေ စစ်ကြောရိုက်နှက်တာတွေနဲ့ ထောင်ဒဏ်ချမှတ်တာတွေကြောင့် အလွှာပေါင်းစုံက လူငယ်တွေဟာ လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်ခဲ့ကြသလို ပြည်ပနိုင်ငံတွေမှာ တိမ်းရှောင်ထွက်ပြေးခဲ့ကြရပါတယ်။
ဒ့ါအပြင် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီမှာ စစ်ကောင်စီလက်ထက် အသက်သွင်းခဲ့တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေကြောင့် အရွယ်ရောက်ပြီးသူ လူငယ်တွေဟာ ပြည်ပနိုင်ငံတွေကို ရတဲ့ နည်းလမ်းတွေနဲ့ အလုံးအရင်း ထွက်ခွာလာခဲ့ကြတာ ဒီကနေ့တိုင်ပါ။
ဒီလိုမျိုး ရတဲ့ နည်းလမ်းတွေနဲ့ ပြည်ပနိုင်ငံတွေမှာ ဘဝရပ်တည်ရှင်သန်ရေးအတွက် လူငယ်အများစုဟာ ကြုံရာကျပန်း အလုပ်တွေကို လုပ်ကိုင်နေကြရတာဖြစ်လို့ တတ်မြောက်ထားတဲ့ ပညာတွေနဲ့ လုံးဝ ဆန့်ကျင်ဘက်ဖြစ်နေတယ်လို့ လေ့လာသူတွေက ထောက်ပြကြပါတယ်။
တစ်ဘက်မှာ ပြည်ပရောက် နိုင်ငံသားတွေရဲ့ နိုင်ငံကူးလက်မှတ်ထုတ်ပေးတဲ့ လုပ်ငန်းစဉ်တွေနဲ့ ပတ်သက်ပြီး အခုနှစ် မတ်လမှာ ပြင်ဆင်ပြဌာန်းခဲ့တဲ့ မြန်မာနိုင်ငံကူးလက်မှတ်ဆိုင်ရာ ဥပဒေကို ကျင့်သုံးပြီး အကျပ်အတည်းဖြစ်အောင် စစ်အစိုးရက လုပ်ဆောင်လာနေတာပါ။
အဲဒီဥပဒေမှာ နိုင်ငံကူးလက်မှတ် သက်တမ်းတိုးတာ၊ အသစ်ထုတ်ပေးတာနဲ့ ပြန်လည် လျှောက်ထားတာတွေကို စိစစ်ပြီး ခွင့်ပြုတာ ငြင်းပယ်တာ ကန့်သတ်တာတွေကို မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့က လုပ်ဆောင်နိုင်သလို ထုတ်ပေးထားတဲ့ နိုင်ငံကူးလက်မှတ်ကိုလည်း ပယ်ဖျက်နိုင်တယ်လို့ ဖော်ပြပါတယ်။
လက်ရှိမှာလည်း မြန်မာရွေ့ပြောင်းလုပ်သားတွေ အများဆုံးရှိတဲ့ ထိုင်းနိုင်ငံမှာ PV လို့ခေါ်တဲ့ အလည်အပတ် ပတ်စပို့ ကိုင်ဆောင်ထားတဲ့ နိုင်ငံသားတွေကို သက်တမ်းတိုးတာ စာအုပ်အသစ်လဲလှယ်တာနဲ့ အခြားပတ်စပို့အမျိုးအစား ပြောင်းလဲတာတွေကို နေပြည်တော်က ခွင့်ပြုမှသာ လုပ်လို့ရမယ်လို့ အကျိုးဆောင်တွေဆီက သိရပါတယ်။
ဒါ့အပြင် ပြည်ပရောက် ရွှေ့ပြောင်းလုပ်သားတွေဆီက မိသားစုလွှဲပို့ငွေ စီမံခန့်ခွဲမှုစနစ် (Family Remittance Management-FRMS) ကို စစ်အစိုးရရဲ့ အလုပ်သမားဝန်ကြီးဌာနက ဗဟိုဘဏ်အပါအဝင် သက်ဆိုင်ရာ AD လိုင်စင်ရ ဘဏ်တွေနဲ့ ပူးပေါင်းပြီး အကောင်အထည်ဖော်နိုင်အောင် ကြိုးပမ်းလာနေတာပါ။
ထိုင်းနိုင်ငံရောက် လူငယ်တစ်ဦးက ပြည်ပမှာ နေရတဲ့ ကုန်ကျစရိတ်ဟာ အမျိုးမျိုးရှိသလို အခက်အခဲပေါင်းစုံနဲ့ ရင်ဆိုင်နေရတဲ့အခြေအနေမှာ ဒီလိုမျိုး စနစ်ကို လုပ်လာတာဟာ အဆင်မပြေဘူးလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“ဒီဟာကျတော့ တော်တော်လေးကိုပဲ အစွန်းရောက်လွန်းတယ်လို့ ပြောလို့ရတယ်။ ၂၅ ရာခိုင်နှုန်းဆိုတဲ့ အတိုင်းအတာထက် ပြည်ပမှာ နေရတဲ့ သူတွေရဲ့ ကုန်ကျစရိတ်တွေ စတဲ့ အထွေထွေကုန်ကျစရိတ်တွေအပြင် နေထိုင်ဖို့ လက်မှတ်အထောက်အထားတွေ အခက်အခဲပေါင်းစုံတွေနဲ့ ရင်ဆိုင်ရတယ်။ ပွဲစားလူလိမ်တွေနဲ့လည်း တိုးရတယ်။ ဆိုတဲ့အခါကျတော့ ဘယ်လိုမှ အဆင်မပြေနိုင်ဘူး။ သူတို့ ဒီလို စောင့်ကြည့်တဲ့ စနစ်က (မိသားစုလွဲပို့ငွေ စီမံခန့်ခွဲမှုစနစ် – FRMS) ပြည်တွင်းက လူတွေ မဟုတ်ဘဲ ပြည်ပက လူတွေကိုလည်း ဒုက္ခပေးမယ့် စနစ်တစ်ရပ်လို့ပဲ မြင်ပါတယ်”လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ် ၂၉ ရက်နေ့က ရန်ကုန်မြို့ရှိ မြဝတီမီဒီယာစင်တာမှာ ပြည်ပအလုပ်အကိုင် အကျိုးဆောင်လိုင်စင်ရ အေဂျင်စီတွေကနေ မန်နေဂျင်းဒါရိုက်တာတွေနဲ့ စစ်အစိုးရရဲ့ အလုပ်သမားရေးဝန်ကြီးဌာနတို့ တွေ့ဆုံခဲ့ကြပါတယ်။
အဲဒီတွေ့ဆုံမှုအတွင်း ပြည်ပက ရွှေ့ပြောင်းလုပ်သားတွေရဲ့ လုပ်ခလစာကနေ မိသားစုလွှဲပို့ငွေ ၂၅ ရာခိုင်နှုန်းကို တရားဝင်လမ်းကြောင်းကနေ လွှဲပို့စေရေး အေဂျင်စီတွေအနေနဲ့ တာဝန်ရှိမှု တာဝန်သိမှုနဲ့ ပူးပေါင်းပေးစေလိုကြောင်း စစ်အစိုးရခန့် အလုပ်သမားဝန်ကြီး ဦးခင်မောင်စိုးက ပြောကြားထားတာပါ။
ဒီလိုမျိုး တရားဝင်လမ်းကြောင်းကနေ လွှဲပို့တာဟာ မိသားစုတွေရဲ့ လူမှုစီးပွားဘဝအတွက် အထောက်အကူဖြစ်စေနိုင်တဲ့အပြင် နိုင်ငံအတွက် နိုင်ငံခြားဝင်ငွေ ပိုမိုရရှိနိုင်ခြင်းနဲ့ နိုင်ငံတော် ဖွံဖြိုးတိုးတက်ရေး အထောက်အကူဖြစ်စေနိုင်ခြင်းကြောင့်လို့ ဆိုပါတယ်။
အလုပ်သမားဝန်ကြီးဌာနအနေနဲ့ Authorized Dealer (AD) လိုင်စင်ရ ပုဂ္ဂလိကဘဏ်တွေနဲ့ တွေ့ဆုံပြီး ပြည်ပရောက်အလုပ်သမားတွေရဲ့ လွှဲပို့ငွေတွေ အချက်အလက်အတိအကျရရှိစေရေးကိုလည်း ဆွေးနွေးခဲ့သလို ဗဟိုဘက်နဲ့လည်း လွယ်ကူတဲ့ လွှဲပို့မှု စနစ်ဖြစ်ပေါ်လာစေရေး ပူးပေါင်းညှိနှိုင်းနေတယ်လို့ အသိပေးထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-MOI
