ဘားအံ၊ စက်တင်ဘာ ၂

ကရင်ပြည်နယ် ဘားအံမြို့မှာ သံလွင်မြစ်ရေ စိုးရိမ်ရေမှတ်ကျော်လွန်လာတာကြောင့် မြို့ပေါ် မြေနိမ့်ပိုင်း ရပ်ကွက်က ဒေသခံပြည်သူတွေ အရေးပေါ် ရွှေ့ပြောင်းနေရတယ်လို့ လူမှုကယ်ဆယ်ရေးအဖွဲ့တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ စက်တင်ဘာ ၁ ရက်နေ့ နေ့လည်ပိုင်း ထုတ်ပြန်ချက်အရ သံလွင်မြစ်ရေဟာ ဘားအံမြို့ရဲ့ စိုးရိမ်ရေမှတ်အထက် ၄ ပေကျော် ကျော်လွန်ရောက်ရှိနေပြီး အဲဒီမြစ်ရေဟာ နောက် ၁ ရက်အတွင်း ပေဝက်ခန့် ထပ်မံမြင့်တက်လာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

ဒါကြောင့် ဘားအံမြို့နယ်အတွင်းရှိ သံလွင်မြစ်ကမ်းအနီးနဲ့ မြေနိမ့်ပိုင်းနေရာတွေမှာ နေထိုင်ကြသူတွေအနေနဲ့ ရေဘေးလွတ်ရာသို့ ရှောင်ရှားနိုင်ဖို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတိပေးထားပါတယ်။

သံလွင်မြစ်ရေ နောက်ထပ်တစ်ကြိမ် ရေကြီးရေလျှံမှု ဖြစ်ပွားနေတာကြောင့် ဘားအံမြို့ အနိမ့်ပိုင်းနေရာတွေဖြစ်ကြတဲ့ မြိုင်သဇင်၊ အုတ်ဖို၊ ရော်ဘာခြံ၊ အောင်နန်း စတဲ့နေရာတွေမှာ ရေနစ်မြှုပ်နေတာပါ။

လက်ရှိမှာတော့ ရေဘေးကြုံနေရတဲ့ ဒေသခံပြည်သူတွေကို ကရင်ပြည်နယ်မီးသတ်တပ်ဖွဲ့နဲ့ လူမှုကယ်ဆယ်ရေးအဖွဲ့တွေက ယာယီရေဘေးရှောင်ကယ်ဆယ်ရေးစခန်းဆီ ရွှေ့ပြောင်းပေးခဲ့ရတာပါ။

ပြီးခဲ့တဲ့ဩဂုတ်လအတွင်းက ကရင်ပြည်နယ်အတွင်းမှာ မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေတွေစီးဆင်းလာတာ၊ မြစ်ရေချောင်းရေ ကြီးလာတာတွေကြောင့် လူဦးရေ ထောင်ချီ ယာယီရေဘေးရှောင်စခန်းဆီ ရောက်ရှိခိုလှုံနေရသလို လူတစ်ဦး ရေနစ်သေဆုံးခဲ့တယ်လို့ လူမှုကယ်ဆယ်ရေးအသင်းအဖွဲ့တွေဆီက သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.