မြိတ်၊ စက်တင်ဘာ ၁

တနင်္သာရီတိုင်း မြိတ်မြို့နယ် မဇောကျေးရွာအုပ်စုထဲ စစ်ကြောင်းထိုးလာတဲ့ အာဏာသိမ်း စစ်တပ်က ပြည်သူ ၂ ဦးကို သတ်ဖြတ်ပြီး နေအိမ် ၉ လုံး မီးရှို့ဖျက်ဆီးသွားတယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုက ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ သြဂုတ် ၂၇ ရက်နေ့က အင်အား ၁၀၀ ကျော်ပါတဲ့ စစ်တပ်စစ်ကြောင်းဟာ ဇောကျေးရွာအုပ်စုရှိ ငါးရပ်အင်းကျေးရွာနဲ့ တုံးဗျောကျေးရွာတို့ကို စစ်ကြောင်းထိုးဝင်ရောက်လာပါတယ်။

အဲဒီစစ်ကြောင်းဟာ ငါးရပ်အင်းကျေးရွာနေ အသက် ၄၀ အရွယ် အမျိုးသား နှစ်ဦးကို ပစ်ခတ်သတ်ဖြတ်ခဲ့ပြီး တုံးဗျော‌ကျေးရွာက နေအိမ် ၈ လုံး၊ ရေခမ်းချောင်းကျေးရွာက နေအိမ် ၁ လုံးကို မီးရှို့ဖျက်ဆီးသွားပါတယ်။

အဲဒီနောက် စစ်တပ်စစ်ကြောင်းဟာ ငါးရပ်အင်းကျေးရွာ၊ တုံး‌ဗျောကျေးရွာ၊ ရေခမ်းချောင်းကျေးရွာနဲ့ဒူးကျိုးကျေးရွာတို့ကို စစ်အုပ်ချုပ်ရေး (မာရှယ်လော) သတ်မှတ်ကြောင်း ကြေညာသွားတယ်လို့ KNU ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

မြိတ်မြို့နယ် မဇောကျေးရွာအုပ်စုမှာ အာဏာသိမ်း စစ်တပ် စစ်ကြောင်းထိုးနေတာကြောင့် ဒေသခံပြည်သူ အများစု နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

KNU ဗဟိုကတော့ အာဏာသိမ်း စစ်တပ်ဟာ အာဆီယံ ဘုံသဘောတူညီချက်တွေကို မလိုက်နာဘဲ နိုင်ငံတဝန်းမှာ အရပ်သားပြည်သူတွေအပေါ် လေကြောင်းတိုက်ခိုက်တာ၊ ဖမ်းဆီးသတ်ဖြတ်တာအပြင် စစ်ရာဇဝတ်မှုတွေကို နေ့စဉ်နဲ့အမျှ ကျူးလွန်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။

‎သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.