ကျိုက်မရော၊ စက်တင်ဘာ ၁

၁၀ ရက်နီးပါးကြာ ရေကြီးရေလျှံမှုတွေ ဖြစ်ပွားနေတဲ့ မွန်ပြည်နယ် ကျိုက်မရောမြို့နယ်က ကျေးရွာအများစု အကူအညီ မရောက်သေးတာကြောင့် သောက်ရေသန့်၊အစားအစာနဲ့ဆေးဝါးကအစ လိုအပ်ချက်မြင့်မားလာတယ်လို့ ရေဘေးသင့် ပြည်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ သြဂုတ် ၂၄ ရက်နေ့ကစလို့ ကျိုက်မရောမြို့နယ်မှာ မိုးသည်းထန်စွာ ရွာသွန်းမှုနဲ့အတူ အတ္တရံမြစ်ရေ ဆက်တိုက် မြင့်တက်လာတာကြောင့် ရပ်ကွက်ကျေးရွာအုပ်စု ၁၅ ခု၊ ကျေးရွာပေါင်း ၄၀ ကျော်မှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပွားနေပါတယ်။

ရေကြီးရေလျှံမှုတွေ ဖြစ်ပွားနေတဲ့ ကျေးရွာတွေကို စစ်တပ် အသွင်းပြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့က လုံခြုံရေး မကောင်းဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ လာရောက်ကူညီတာ မရှိသေးပါဘူး။

“ရေကြီးနေတာ တပတ်ကျော်ပြီ။ အကူအညီက မလာကြဘူး။ ရှိတာလေးနဲ့ ချွေတာစားနေကြရတယ်။ ရေကလည်း ပြန်ကျမယ့်ပုံမပေါ်သေးလို့ ရက်ရှည်ရင်ငတ်ကြမှာ”လို့ ချောင်းနှစ်ခွရွာခံတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ရေကြီးတာ ရက်ကြာလာသလို အကူအညီတွေလည်း မရောက်လာတာကြောင့် ဆန်၊ ဆီ၊ ဟင်းချက်စရာနဲ့ သောက်ရေကအစ အိမ်တိုင်းနီးပါး ပြတ်လတ်နေကြပြီး ကူညီထောက်ပံ့မှုတွေ လိုအပ်နေတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ သြဂုတ် ၂၈ ရက်နေ့က ရေကြီးရေလျှံမှု ဖြစ်ပွားနေတဲ့ ကျိုက်မရောမြို့ပေါ် ရှင်စောပုနဲ့ရန်မျိုးအောင်ရပ်ကွက်တို့ကို စစ်တပ် အသွင်းပြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့က ဟန်ပြလာရောက်ကူညီခဲ့ပေမယ့် ရေကြီးရေလျှံမှုကို အဆိုးဝါးဆုံး ခံစားနေရတဲ့ အတ္ထရံမြစ်ကမ်းဘေးကျေးရွာတွေကိုတော့ လုံခြုံရေးစိုးရိမ်လို့ သွားရောက်လှူဒါန်းတာ မရှိပါဘူး။

ရေကြီးရေလျှံမှုကို အတ္ထရံမြစ်ကမ်းဘေးကျေးရွာတွေဖြစ်တဲ့ ငပြေမ၊ နိတုံ၊ ရေပူ၊ အထရံ၊ လမုခို၊ ဦးလေး၊ လှကဇိုင်း၊ ဖာသိမ်၊ ကလိုင်းကနိုင်နဲ့ ချောင်းနှစ်ခွကျေးရွာအပါအဝင် ကျေးရွာပေါင်း ၄၀ ကျော်မှာ အဆိုးဝါးဆုံး ခံစားနေရပါတယ်။

တဖက်မှာလည်း ရေကြီးရေလျှံမှု ရက်ကြာလာတာနဲ့အမျှ အမျိုးသမီးလစဉ်သုံး ပစ္စည်းတွေအပါအဝင် ကျန်းမာရေး စောင့်ရှောက်မှု အကူအညီတွေလည်း လိုအပ်နေပါတယ်။

ရေကြီးရေလျှံမှုကြောင့် ကျိုက်မရောမြို့နယ်က အိမ်ထောင်စု ၇၀၀၀ နီးပါး၊ လူဦးရေ ၃၂၀၀၀ ကျော် ရေဘေးကြုံနေရပြီး ယာယီကယ်ဆယ်ရေးစခန်း နှစ်ခု ဖွင့်လှစ်ထားရပါတယ်။

ကျိုက်မရောမြို့နယ် ရေဘေးကိုတော့ လူမှုကယ်ဆယ်ရေးအဖွဲ့တွေနဲ့ ဒေသခံပြည်သူတွေကသာ အချင်းချင်း အပြန်အလှန် ကူညီပြီး သွားရောက်လှူဒါန်းမှုတွေ လုပ်ဆောင်နေပေမယ့် ကျေးရွာအားလုံးကိုတော့ မလွှမ်းခြုံနိုင်သေးပါဘူး။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.