မွန်မှာ တရားမဝင်ကုန်သွယ်မှုတွေကို လုံ/နယ်ဝန်ကြီး ဦးစီး လုပ်ဆောင်နေ

မော်လမြိုင် ၊ ဇူလိုင် ၂၁

မွန်ပြည်နယ်အတွင်း အာဏာသိမ်း စစ်တပ် အသွင်ပြောင်း အစိုးရက တရားမဝင် ကုန်ပစ္စည်းအဖြစ် သတ်မှတ်ထားတဲ့ ထိုင်းကုန်ပစ္စည်းတွေကို သယ်ယူပို့ဆောင်တဲ့ နေရာမှာ လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး ကျော်စွာမြင့်က ဦးဆောင်ပြီး လုပ်ဆောင်နေတယ်လို့ ကုန်သည်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ထိုင်းကုန်ပစ္စည်းတွေကို အရင်က ကုန်သည်တွေက လွတ်လပ်စွာ တင်သွင်း ရောင်းချခွင့် ရခဲ့ရာမှ စစ်တပ်က အာဏာသိမ်းပြီးနောက် ထိုင်းကုန်ပစ္စည်းတွေကို တရားမဝင် ကုန်သွယ်မှု ပြုလုပ်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ စစ်ဆေးရေး ဂိတ်တွေမှာ ဖမ်းဆီးနေတာပါ။

အခုလို ထိုင်းကုန်ပစ္စည်းတွေကို စစ်ဆေးရေးဂိတ်တွေမှာ တင်းကျပ်စွာ ဖမ်းဆီးမှုတွေ ရှိနေပေမယ့် ‌ငွေကြေး ပေးဆောင်ထားတဲ့ မွန်ပြည်နယ် လုံ/နယ် ဝန်ကြီးနဲ့ ပတ်သက်တဲ့ ထိုင်းကုန်ပစ္စည်းတင်ယာဉ်တွေကိုတော့ စစ်ဆေးမှု မရှိဘဲ သွားလာခွင့် ပြုထားတာ ဖြစ်တယ်လို့ သိရပါတယ်။

အမည်မဖော်လိုတဲ့ ကုန်သည် တစ်ဦးကတော့ လက်ရှိ စစ်အစိုးရရဲ့ စစ်ဆေးရေးဂိတ်တွေမှာ ထိုင်းကုန်ပစ္စည်းတွေကို တရားမဝင်ကုန်စည်ဆိုပြီး ဖမ်းဆီးနေပေမယ့် လုံ/နယ် ဝန်ကြီးကို ငွေပေးထားသူတွေကတော့ အလွယ်တကူ ကုန်တွေကို သယ်လို့ ရနေတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

လုံ/နယ် ဝန်ကြီးကို ငွေပေးထားရင် သွားလို့ရပြီး မပေးထားရင်တော့ အဖမ်းခံရမှာဖြစ်တယ်လို့ အဲဒီကုန်သည်က ဆက်ပြောပါတယ်။

ဒါ့အပြင် မွန်ပြည်နယ်အတွင်း ဝင်ရောက်လာတဲ့ ထိုင်းကုန်ပစ္စည်းတွေကိုတော့ ကားအရွယ်အစားနဲ့ ကုန်ပစ္စည်း အမျိုးအစားပေါ် မူတည်ကာ လုံ/နယ် ဝန်ကြီးကို ကျပ်သိန်းရာချီ ပေးရပြီး ငွေကြေး ပေးဆောင်မှသာ ကုန်ပစ္စည်း သယ်ဆောင်ခွင့် ရတာ ဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။

လက်ရှိ ထိုင်းကုန်ပစ္စည်းတွေကို သယ်ဆောင်တဲ့ နေရာမှာတော့ မွန်ပြည်နယ် လုံ/နယ် ဝန်ကြီးကို ငွေကြေး ပေးဆောင်ပါက မွန် လုံ/နယ် ကတဆင့် ပဲခူးနဲ့ ရန်ကုန် လုံ/နယ် ဝန်ကြီးတွေကို အဆင့်ဆင့် ချိတ်ဆက် ပေးကာ ထိုင်းကုန်တွေကို သတ်မှတ်နေရာ အရောက် သယ်ယူလို့ ရနေတယ်လို့ သိရပါတယ်။

အာဏာသိမ်း စစ်အစိုးရက သတ်မှတ်ထားတဲ့ တရားမဝင် ကုန်ပစ္စည်းဆိုတဲ့ ထိုင်းကုန်ပစ္စည်းတွေကိုတော့ မြဝတီ-ဘားအံ-သထုံ-ရန်ကုန် လမ်းကြောင်း၊ ဘုရားသုံးဆူ-မော်လမြိုင်-ရန်ကုန် လမ်းကြောင်းနဲ့ ရနောင်း-မြိတ်-မော်လမြိုင်-ရန်ကုန် လမ်းကြောင်း ဆိုပြီး ရှိကာ အဓိက မွန်ပြည်နယ်အတွင်း ဖြတ်သန်း သွားလာနေရတာပါ။

အခုလို မွန်ပြည်နယ်အတွင်း အဓိက ထိုင်းကုန်ပစ္စည်းတွေ ဖြတ်သန်း သွားလာနေရတာ ဖြစ်တာကြောင့် မွန်လုံ/နယ် ဝန်ကြီး ဗိုလ်မှူးကြီး ကျော်စွာမြင့်ဟာ နေ့စဉ် တရားမဝင် ကုန်ပစ္စည်း သယ်ဆောင်မှုမှ ကျပ်သိန်း ထောင်နဲ့ချီ ရရှိနေတယ်လို့ ကုန်သည်တွေက ပြောပေမယ့် သံလွင်တိုင်းမ်အနေနဲ့ သီးခြား အတည်မပြုနိုင်ပါဘူး။

လက်ရှိမှာတော့ ထိုင်းကုန်ပစ္စည်းတွေကို တရားဝင် သယ်ဆောင်နိုင်ဖို့ စစ်အစိုးရက တရားဝင် သွင်းကုန်လိုင်စင်တွေကို တင်းကျပ်ထားတာကြောင့် အခုလို မှောင်ခို ဈေးကွက် ဖြစ်ပေါ်ကာ မှောင်ခို ဈေးကွက်အပေါ်မှာ အာဏာရှိသူတွေက အဂတိ လိုက်စားနေတာ ဖြစ်တယ်လို့ ကုန်သည်တွေက ဆိုပါတယ်။

မြန်မာနိုင်ငံဟာ အိမ်နီးချင်း ထိုင်းနိုင်ငံကနေ အဓိက သွင်းကုန်တွေ ဖြစ်တဲ့ အခြေခံ စားသောက်ကုန်၊ လူသုံးကုန်၊ ဆေးဝါး၊ အလှကုန်၊ ဆောက်လုပ်ရေးသုံး ကုန်ပစ္စည်းတွေအပြင် အထွေထွေသုံး ကုန်ပစ္စည်းတွေကို အဓိက အားထားနေရတာ ဖြစ်ပြီး စစ်အစိုးရက တရားမဝင် ကုန်ပစ္စည်းတွေဆိုပြီး ဖမ်းဆီးနေတာကြောင့် ဈေးကွက်အတွင်း ဈေးနှုန်း မြင့်တက်တာနဲ့ ကုန်ပစ္စည်း ပြတ်လပ်တာတွေ ကြုံတွေ့ နေရတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.