ဘားအံ၊ ဇူလိုင်လ ၂၁
ကရင်ပြည်နယ် ဘားအံမြို့နယ် ညောင်ကုန်းကျေးရွာအနီးမှာ မိုင်းထိလို့ အမျိုးသမီး ၂ ဦးဒဏ်ရာရတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၁၈ ရက်နေ့က ညောင်ကုန်းကျေးရွာနေ အသက် ၃၆ နှစ်အရွယ် နော်လှကူး၊ အသက် ၄၅ နှစ်အရွယ် နော်တဒူးတို့ ၂ ဦးဟာ ကျေးရွာအနီး တောထဲကို သွားချိန် မိုင်းနင်းမိခဲ့တာလို့ ဆိုပါတယ်။
တောထဲ မျှစ်ချိုးဖို့ သွားချိန် မိုင်းထိခဲ့တာဖြစ်ပြီး ရွာခံတွေက သိသိချင်း တောထဲကနေ ဆေးရုံကို ပို့လိုက်ကြောင်း ဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။
မိုင်းထိခဲ့တဲ့ အမျိုးသမီး ၂ ဦးဟာ ခြေထောက်နဲ့လက်တွေမှာ ဒဏ်ရာရခဲ့တာကြောင့် ဘားအံ ပြည်သူ့ဆေးရုံကို တင်ပို့ထားရတယ်လို့သိရပါတယ်။
ညောင်ကုန်းကျေးရွာအနီးမှာ BGF တပ်တွေ အခြေစိုက်ထားသလို KNLA ပူးပေါင်းတပ်တွေလည်း သွားလာလှုပ်ရှားနေတာကြောင့် ပြည်သူကို ထိခိုက်စေတဲ့မိုင်းဟာ ဘယ်အဖွဲ့က ထောင်ထားတဲ့မိုင်းဆိုတာ မသိရသေးပါဘူး။
ပြီးခဲ့တဲ့ ဇူလိုင် ၁၃ ရက်နေ့ ညနေပိုင်းမှာ ဘားအံမြို့နယ်၊ တလိုင်းကရင်ကျေးရွာနဲ့ကွင်းလေးကျေးရွာကြားကို အာဏာသိမ်းစစ်တပ်က ဗုံးကြဲခဲ့လို့ ပြည်သူ ၁ ဦးသေဆုံးပြီး ၁ ဦး ဒဏ်ရာရခဲ့သေးတယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media

