မော်လမြိုင်၊ ဇူလိုင် ၂၀

ဝေဖန်မှုတွေ ရှိနေပေမယ့် မွန်ပြည်နယ်မှာတော့ ပြီးခဲ့တဲ့ အစိုးရ နှစ်ဆက် တာဝန်ထမ်းဆောင်ဖူးတဲ့ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူး နေရာတွေကိုသာ ပြန်လည်ရွေးချယ်သွားမယ်လို့ ပြည်နယ်အုပ်ချုပ်ရေး အသိုင်းအဝိုင်းကနေ စုံစမ်းသိရှိရပါတယ်။

မွန်ပြည်နယ်ရဲ့ မြို့နယ်အများစုမှာ သက်ဆိုင်ရာ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကို ပြည်သူ့ဆန္ဒနဲ့အညီ ပြန်မရွေးဘဲ လက်သိပ်ထိုးပြီး ပြန်လည်ခန့်အပ်မှုအပေါ် ဒေသတွင်းမှာ ဝေဖန်မှုတွေ ရှိနေတာ ဖြစ်ပါတယ်။

ဒါကြောင့် စစ်တပ် အသွင်းပြောင်း မွန်ပြည်နယ် အစိုးရအဖွဲ့ဟာ အုပ်ချုပ်ရေးမှူးတွေ ပြန်လည်ရွေးချယ်ဖို့ သက်ဆိုင်ရာ ရပ်ကွက်ကျေးရွာတွေမှာ ကြီးကြပ်ရေးအဖွဲ့တွေ လိုက်လံဖွဲ့စည်းနေတာပါ။

ဒါပေမယ့် ပြန်လည်ရွေးချယ်မယ့် အုပ်ချုပ်ရေးမှူး နေရာတွေဟာ ပြီးခဲ့တဲ့ ဦးသိန်းစိန် အစိုးရကနေ NLD အစိုးရလက်ထက်အထိ တာဝန်ထမ်းဆောင်ဖူးတဲ့ အုပ်ချုပ်ရေးမှူးတွေကိုသာ ပြန်လည်ရွေးချယ်မှာ ဖြစ်ပါတယ်။

၂၀၁၂ ခုနှစ်မှာ ပြဌာန်းခဲ့တဲ့ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေ အခန်း ၄ ပုဒ်မ ၉ (က) အရ အုပ်ချုပ်ရေးမှူး သက်တမ်းဟာ နှစ်ကြိမ်ထက်မပိုရဘူးလို့ ပြဌာန်းထားပါတယ်။

ဝါရင့်နိုင်ငံရေးသမား တစ်ဦးကတော့ အုပ်ချုပ်ရေးမှူး အားလုံး ပြန်လည်မရွေးချယ်မှုဟာ တည်ဆဲဥပဒေကို ချိုးဖောက်မှု ဖြစ်ပြီး စစ်အစိုးရလက်ထက်မှာ လုပ်ချင်သလို လုပ်တဲ့ သဘောဖြစ်နေတယ်လို့ ဝေဖန်ပါတယ်။

၂၀၁၂ ခုနှစ် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေအရ အစိုးရအသစ်အနေနဲ့ သက်ဆိုင်ရာ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကို အများပြည်သူတွေရဲ့ ဆန္ဒနဲ့အညီ ပြန်လည်ရွေးကောက် တင်မြှောက်ရမှာ ဖြစ်ပါတယ်။

တဖက်မှာလည်း စစ်တပ် အသွင်းပြောင်း မွန်ပြည်နယ် အစိုးရအဖွဲ့ဟာ လက်သိပ်ထိုး ခန့်အပ်ထားတဲ့ အုပ်ချုပ်ရေးမှူးတွေကို ပြီးခဲ့တဲ့ ဇူလိုင် ပထမအပတ်ကစလို့ စွမ်းဆောင်ရည်မြင့် သင်တန်းတွေ ပို့ချနေပါတယ်။

မြို့နယ်ပေါင်း ၁၀ မြို့နယ်ရှိတဲ့ မွန်ပြည်နယ်မှာတော့ ရပ်ကွက်ကျေးရွာအုပ်စု ၄၆၈ အုပ်စု ၊ ကျေးရွာ ၁၁၄၇ ရွာ ရှိပေမယ့် စစ်တပ် အသွင်ပြောင်း မွန်ပြည်နယ် အစိုးရအဖွဲ့ကတော့ အုပ်ချုပ်ရေးမှူး နေရာ ၁၀၀ လောက်သာ ပြန်လည်ရွေးချယ်မှာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.