နေပြည်တော် ၊ ဇူလိုင် ၂၁

အာဏာသိမ်း သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်အစိုးရရဲ့ ရက် ၁၀၀ ငြိမ်းချမ်းရေး ကြိုးပမ်းမှု အစီအစဉ်မှာ ၁၀၂၇ စစ်ဆင်ရေးကို ဖော်ဆောင်ခဲ့တဲ့ ညီနောင်မဟာမိတ်အဖွဲ့ဝင် တအာင်းတပ် TNLA က ပထမဆုံး ပါဝင်လာပါတယ်။

နိုင်ငံပိုင်ဝါဒဖြန့်သတင်းစာတွေရဲ့ ဖော်ပြချက်အရ ဇူလိုင် ၁၉ ရက်နေ့က နေပြည်တော်ရှိ ‌ရွှေအိမ်စံဟိုတယ်မှာ စစ်အစိုးရရဲ့ ငြိမ်းချမ်းရေးညှိနှိုင်းရေးကော်မတီ NSPNC နဲ့ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဖွဲ့ PSLF/TNLA တို့ တွေ့ဆုံခဲ့ကြတာပါ။

အဲဒီတွေ့ဆုံမှုမှာ နိုင်ငံတော်သမ္မတနဲ့ NSPNC တို့ရဲ့ ရက် ၁၀၀ ငြိမ်းချမ်းရေးကြိုးပမ်းမှု အစီအစဉ်ကို ပူးပေါင်းဆောင်ရွက်ရေး၊ ဟိုင်ဂင်သဘောတူညီချက်ကို လိုက်နာရေး၊ သဘောတူထားတဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို အကောင်အထည်ဖော်ရေးတို့ကို ဆွေးနွေးခဲ့ကြတယ်လို့ စစ်အစိုးရက သတင်းထုတ်ပြန်ပါတယ်။

ဒါ့အပြင် ဒေသတွင်း ပြည်သူလူထုရဲ့ လူမှုဘဝ သက်သာချောင်ချိရေး၊ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ အဖြေရှာနိုင်ရေး၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေအတွက် ဆက်လက် ပူးပေါင်းလုပ်ဆောင်ဖို့ ကိစ္စရပ်တွေနဲ့ ပညာရေး၊ ကျန်းမာရေး၊ ဒေသဖွံ့ဖြိုးရေး၊ လမ်းပန်းဆက်သွယ်ရေးကိစ္စတွေကိုလည်း ဆွေးနွေးခဲ့ကြတာပါ။

အဲဒီဆွေးနွေးပွဲမှာ တအာင်းပြည်နယ် သတ်မှတ်ပေးဖို့ တောင်းဆိုခဲ့ပြီး ပြည်ထောင်စုကနေ ခွဲထွက်မှာ မဟုတ်ဘဲ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ ဆက်လက် ဆွေးနွေးဖို့ TNLA ဘက်က တင်ပြခဲ့တယ်လို့ ဆွေးနွေးပွဲအကြောင်း သိရှိတဲ့ သတင်းရင်းမြစ်တစ်ဦးရဲ့ ပြောဆိုချက်ကို ကိုးကားပြီး BBC မြန်မာပိုင်းက ဖော်ပြပါတယ်။

ကျောင်းသားခေါင်းဆောင်ဟောင်း ကိုမင်းသွေးသစ်က တအာင်းပြည်နယ်ရရှိရေးဟာ TNLA ရဲ့ နိုင်ငံရေး အန္တိမရည်မှန်းချက် ဖြစ်လို့ ဖြစ်နိုင်ခြေရှိတဲ့ နည်းလမ်းတွေနဲ့ နိုင်ငံရေးရည်မှန်းချက်ကို ဖော်ဆောင်တာလို့ သုံးသပ်ပါတယ်။

“သူတို့ရဲ့ နိုင်ငံရေး အန္တိမ ရည်မှန်းချက်ကို ရဖို့အတွက် ဖြစ်နိုင်ခြေရှိတဲ့ နည်းလမ်းမျိုးစုံကျင့်သုံးပြီးတော့ သူတို့ရဲ့ လိုလားချက် နိုင်ငံရေးရည်မှန်းချက်ကို ဖော်ဆောင်ကြမှာ။ ဒီအပေါ်မှာလည်း ကျွန်တော်တို့ တော်လှန်ရေးအင်အားစုတွေက တော်လှန်ရေးဘက်ကနေ တခန်းရပ်သွားတယ်လို့ မယူဆဘဲနဲ့ သူ့နိုင်ငံရေး ရည်မှန်းချက်ကို သူဖော်ဆောင်တဲ့ နေရာမှာ ဖြစ်နိုင်ခြေရှိတဲ့ နည်းလမ်းတွေကို သူတို့အသုံးချတဲ့နေရာမှာ ကိုယ်ကလည်း (နွေဦးတော်လှန်ရေးအင်အားစုတွေ) ဒီလို ဖြစ်နိုင်ခြေရှိတဲ့ နည်းလမ်းတသွယ် ဖြစ်တယ်ဆိုတာကို ကျွန်တော်တို့ ပြဖို့ လိုတယ်”လို့ ဆိုပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ရှမ်းပြည်နယ်ရှိ နမ့်ဆန်နဲ့ မန်တုံမြို့နယ် နှစ်ခုကို စုစည်းပြီး ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဖြစ် သတ်မှတ်ပြဌာန်းထားတာပါ။ ၁၀၂၇ စစ်ဆင်ရေးအတွင်း တအာင်းတပ် TNLA က ရှမ်းမြောက်ရှိ မြို့ပေါင်း ၁၂ မြို့အထိ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပါတယ်။

ဒါပေမယ့် နောက်ပိုင်းမှာတော့ တရုတ်အစိုးရရဲ့ ဖိအားအပါအဝင် အာဏာသိမ်း စစ်တပ်ရဲ့ စစ်ရေးအရ တန်ပြန်တိုက်ခိုက်မှုတွေကြောင့် မြို့တချို့ကို ပြန်လည် လက်လွှတ်ခဲ့ရသလို ညီနောင်မဟာမိတ်အဖွဲ့ဝင် ကိုးကန့်တပ် MNDAA ရဲ့ သိမ်းပိုက်ခဲ့မှုကြောင့် ကွတ်ခိုင်မြို့ကိုပါ ဆုံးရှုံးခဲ့ရပါတယ်။

ဒါကြောင့် လက်ရှိမှာ နမ္မတူ၊ နမ့်ခမ်း၊ နမ့်ဆန်၊ မန်တုံ၊ မိုင်းငေါ့နဲ့ မိုင်းလုံမြို့တွေကိုသာ တအာင်းတပ် TNLA က ဆက်လက်ထိန်းချုပ်ထားနိုင်တဲ့ အခြေအနေမှာ တအာင်းပြည်နယ်သတ်မှတ်ရေးဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဌာန်းချက်မှာ မူတည်နေပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၅၃ (က) အရ တိုင်းဒေသကြီး ဒါမှမဟုတ် ပြည်နယ်တစ်ခုရဲ့ နယ်နိမိတ်ကို ပြင်ဆင်သတ်မှတ်ဖို့ အကြောင်းပေါ်လာရင် အဲဒီနယ်နိမိတ်နဲ့ အကျုံးဝင်တဲ့ မြို့နယ်အတွင်း နေထိုင်ကြတဲ့ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတွေရဲ့ သဘောထားကို ဦးစွာ ယူရမယ်လို့ ဖော်ပြထားတာပါ။

အဲဒီကနေ ထောက်ခံမဲ ထက်ဝက်ကျော်မရရင် နယ်နိမိတ်ပြင်ဆင်သတ်မှတ်တာကို ဆောင်ရွက်ခြင်း လုံးဝ မပြုလုပ်ရပါဘူး။ ထက်ဝက်ကျော် ထောက်ခံမဲရရင်တော့ သက်ဆိုင်ရာလွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ဆန္ဒ ရယူရမှာ ဖြစ်ပါတယ်။

ကိုယ်စားလှယ်တွေရဲ့ လေးပုံသုံးပုံနဲ့အထက် ထောက်ခံမဲရရှိရင် ပြည်‌ထောင်စုလွှတ်တော်ရဲ့ သဘောတူညီချက်ကို ရယူပြီး သမ္မတက တိုင်းဒေသကြီး ဒါမှမဟုတ် ပြည်နယ်တစ်နယ်ရဲ့ နယ်နိမိတ်ကို ပြင်ဆင်သတ်မှတ်ပေးရမယ်လို့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၅၃ (ဃ) မှာ ဖော်ပြထားတာပါ။

ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်ကလည်း လက်ရှိအချိန်မှာ ရွေးကောက်ခံအစိုးရ ပေါ်ပေါက်လာပြီဖြစ်တဲ့အတွက် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကို ဆောင်ရွက်နိုင်ပြီး တအာင်းပလောင်ဒေသရှိ ပြည်သူလူထုရဲ့ ပညာရေး၊ ကျန်းမာရေးနဲ့ ဒေသဖွံ့ဖြိုးရေးကိစ္စတွေကို ပေါင်းစပ်ဆောင်ရွက်ပေးမယ်လို့ ဆွေးနွေးပွဲမှာ ပြောကြားခဲ့ပါတယ်။

ဇူလိုင် ၇ ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ တတိယကြိမ် ပြည်‌ထောင်စုလွှတ်တော်အစည်းအဝေးမှာ အာဏာသိမ်းသမ္မတကနေ ပေးပို့ထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ဖြည့်စွက်သင့်တဲ့ ၄၃ ချက်ကို ဥပဒေပြုနိုင်ဖို့ ဆက်လုပ်သွားမယ်လို့ လွှတ်တော်နာယကက အသိပေးကြေညာထားတာပါ။

NSPNC နဲ့ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဖွဲ့ PSLF/TNLA တို့ တွေ့ဆုံဆွေးနွေးမှုနဲ့ ပတ်သက်ပြီး TNLA ရဲ့ ပြော‌ရေးဆိုခွင့်ရှိသူက အတည်ပြုထားပေမယ့် ဆွေးနွေးပွဲပါ အကြောင်းအရာတွေကိုတော့ သတင်းထုတ်ပြန်ခြင်း မရှိသေးပါဘူး။

TNLA ဟာ ရှမ်းမြောက်က ၁၀၂၇ စစ်ဆင်ရေးမှာ ညီနောင်မဟာမိတ်အဖွဲ့ဝင်တွေနဲ့အတူ ဦးဆောင်ပါဝင်ခဲ့ပြီး တရုတ်အစိုးရရဲ့ ကြားဝင်ညှိနှိုင်းပေးမှုနဲ့ ဟိုင်ဂင်သဘောတူညီချက်မှာ ယာယီအပစ်ခတ်ရပ်စဲခဲ့ကြတာပါ။

ဒါပေမယ့် စစ်တပ်ဘက်က ချိုးဖောက်မှုတွေကြောင့် ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်း စတင်ခဲ့ပြီး ၂၀၂၅ ခုနှစ် ‌အောက်တိုဘာ ၂၈ ရက်နေ့မှာတော့ တရုတ်နိုင်ငံ ကူမင်းမြို့မှာ TNLA နဲ့ စစ်တပ်တို့ကြား ပစ်ခတ်တိုက်ခိုက်ရေးစာချုပ် လက်မှတ်ရေးထိုးခဲ့ပါတယ်။

ဒါဟာ စစ်အာဏာရှင်စနစ်အမြစ်ပြတ်ရေးမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ တအာင်းတပ် TNLA ရဲ့ ပါဝင်မှုဟာ တခန်းရပ်ထားရာကနေ စစ်အစိုးရရဲ့ ရက် ၁၀၀ ငြိမ်းချမ်းရေးအစီအစဉ်မှာ ပါဝင်လာခဲ့တာ ဖြစ်ပါတယ်။

CDM ဗိုလ်ကြီး ဇင်ယော်က NSPNC နဲ့ TNLA တို့ အခုလို နေပြည်တော်မှာ တရားဝင် တွေ့ဆုံမှုဟာ ကူမင်းက ဆွေးနွေးမှုတွေအတွင်း သဘောတူညီချက် ရှိနိုင်ပြီး စစ်အစိုးရဘက်က ဒေသကို အခြေခံတဲ့ ဖက်ဒရယ် ပေးလိမ့်မယ်လို့ သုံးသပ်ပါတယ်။

“နဂိုကတည်းကလည်း သူတို့ ကူမင်းဘက်မှာ သဘောတူညီချက် ရှိခဲ့ပြီးသား နေပါလိမ့်မယ်။ ဒါကတော့ တရားဝင် ဖြစ်သွားတာပေါ့နော်။ အဲဒီတော့ စစ်တပ်ကလည်း သူတို့က ဖက်ဒရယ်မ‌ပေးဘူးလားဆိုတော့ ပေးမယ်။ လူမျိုးကို မပေးဘူး ဒေသကို ပေးမယ်။ ပြည်ထောင်စုကနေ ခွဲမထွက်ရင် ပြီးရောဆိုတဲ့ ပုံစံမျိုးနဲ့ နောက်ဆုံး စစ်တပ်က စစ်ရှုံးတော့ လိုက်လျောရတာပေါ့။ တကယ်တမ်း TNLA တို့က စစ်နိုင်တဲ့ဘက်ကနေ သွားတဲ့ အနေအထားမျိုးပဲ။သူတို့က စင်ပေါ်က တရုတ်ကတော့ ဒိုင်ပေါ့။ အဲဒီတော့ တအာင်းတပ်တွေ လိုချင်တဲ့ တအာင်းပလောင်ပြည်နယ် ရသွားမယ့် အနေအထားမျိုးပဲ”လို့ ဆိုပါတယ်။

TNLA ဒုဥက္ကဋ္ဌ (၁) တားဂျုတ်ဂျားကတော့ နိုင်ငံတော် တည်ငြိမ်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လွတ်လပ်ပြီး ကြိုတင်ကန့်သတ်ချက်တွေ မထားဘဲ ဖိတ်ခေါ်တဲ့အတွက် များစွာအားရတယ်လို့ ပြောကြားကြောင်း စစ်အစိုးရရဲ့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားတာပါ။

လက်ရှိမှာ တိုက်ပွဲတွေ ရပ်တန့်ပြီး ပြည်သူလူထုတွေလည်း အေးချမ်းမှု စတင်ရလာပြီးဖြစ်ကြောင်းနဲ့ ဒီကနေ့ ဆွေးနွေးပွဲကနေ အပြုသဘောဆောင်တဲ့ ကောင်းမွန်တဲ့ ရလဒ်တွေ ထွက်ပေါ်လာမယ်လို့ ယုံကြည်ကြောင်း သူက ဆိုပါတယ်။

NSPNC အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်ကလည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကနေတဆင့် နိုင်ငံရေးဆိုင်ရာလိုအပ်ချက်တွေကို ဆွေးနွေးပြီး ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်နိုင်ရေး၊ ဒေသဖွံ့ဖြိုးရေးအပါအဝင် TNLA နဲ့ အရင်တွေ့ဆုံဆွေးနွေးမှု အခြေအနေတွေနဲ့ပတ်သက်ပြီး ရှင်းလင်းဆွေးနွေးခဲ့တာပါ။

နှစ်ဖက်ဆွေးနွေးချက်တွေအပေါ် မှတ်တမ်းတင်နိုင်ဖို့ ညှိနှိုင်းပြီး လက်မှတ်ရေးထိုးခဲ့တယ်လို့ စစ်အစိုးရထိန်းချုပ်ထားတဲ့ နိုင်ငံပိုင်ဝါဒဖြန့်သတင်းစာတွေမှာ ဖော်ပြပါတယ်။

အဲဒီတွေ့ဆုံမှုအတွင်း NSPNC ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်နဲ့ ညှိနှိုင်းရေးကော်မတီဝင်တွေ တအာင်းတပ် TNLA ဘက်က ဒုဥက္ကဋ္ဌ (၁) တားဂျုတ်ဂျား၊ အထွေထွေအုပ်ချုပ်ရေးဌာနမှူး တားဂူးဂျား၊ မဟာမိတ်ဆက်ဆံရေးဌာနမှူး တားမိုးဟိန်းနဲ့ အဖွဲ့ဝင်ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ကြတာပါ။

စစ်အစိုးရရဲ့ ငြိမ်းချမ်းရေးညှိနှိုင်းရေးကော်မတီ NSPNC အနေနဲ့ ပြီးခဲ့တဲ့ ဇွန် တတိယပတ်အတွင်း စစ်တပ်နဲ့ တိုက်ပွဲမဖြစ်တဲ့ NDAA နဲ့ UWSA အဖွဲ့ခေါင်းဆောင်တွေကို သူတို့ ဌာနချုပ်ဖြစ်တဲ့ မိုင်းလားနဲ့ ပန်ဆန်းအထိ သွားရောက်ပြီး ငြိမ်းချမ်းရေး ဆွေးနွေးခဲ့ပါသေးတယ်။

တစ်ဘက်မှာ ကိုးကန့်တပ် MNDAA ကို အရပ်သားအသွင်ပြောင်း စစ်အစိုးရရဲ့ ရက် ၁၀၀ စီမံချက် ငြိမ်းချမ်းရေးဖိတ်ခေါ်မှုမှာ ပါဝင်ဆွေးနွေးဖို့ တရုတ်အစိုးရက တိုက်တွန်းပြောဆိုမှုတွေ ရှိနေတယ်လို့ သတင်းမီဒီယာတွေက ဖော်ပြခဲ့ကြပါတယ်။

လေ့လာသူတွေကတော့ နေပြည်တော်ကို လာရောက်ပြီး နောက်ထပ် ငြိမ်းချမ်းရေးဆွေးနွေးမယ့် တိုင်းရင်းသားအဖွဲ့တွေဟာ စစ်နိုင်တဲ့ သဘောမျိုးနဲ့ တောင်းဆိုမှုတွေ ရှိနိုင်တဲ့အပေါ် စစ်အစိုးရက လိုက်လျောနိုင်ခြေရှိတယ်ဆိုတဲ့ သုံးသပ်မှုတွေလည်း ရှိနေတာပါ။

ဒီအပေါ် စစ်အစိုးရဘက်က တော်လှန်ရေးတပ်ဖွဲ့တွေ PDF တွေကို မကူညီ မထောက်ပံ့ဖို့နဲ့ ခြေကုပ်စခန်းတွေ ချခွင့်မပြုဖို့၊ ဆက်သွယ်ရေးလမ်းကြောင်းတွေ အသုံးပြုခွင့်မပေးဖို့ စတဲ့ ကိစ္စရပ်တွေကို တောင်းဆိုလာနိုင်တယ်လို့ CDM ဗိုလ်ကြီး ဇင်ယော်က ထောက်ပြပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၂၀ ရက်နေ့မှာ အာဏာသိမ်း သမ္မတ ဦးမင်းအောင်လှိုင်က ကြိုတင်ကန့်သတ်ချက်မထားဘဲ အပစ်ရပ်ထိုးနဲ့ အပစ်ရပ်မထိုးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေကို ငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေးဖို့ ဖိတ်ခေါ်ခဲ့တာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ စစ်တပ်နဲ့ တိုက်ပွဲဖြစ်ပွားမှုမရှိတဲ့ TNLA အပါအဝင် SNA၊ SSPP၊ 7 EAO Alliance ၊ UWSA နဲ့ NDAA တို့ စစ်အစိုးရရဲ့ NSPNC နဲ့ တွေ့ဆုံဆွေးနွေးခဲ့ကြသလို အပစ်ရပ်ထိုး KNU/KNLA-PC ၊ DKBA နဲ့ NMSP တို့လည်း အလားတူ တစ်ဖွဲ့ချင်း ဆွေးနွေးထားပြီး ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.