နေပြည်တော်၊ ဇူလိုင် ၂၁

မြန်မာဘာသာနဲ့ ကုန်အညွှန်းအမှတ်တံဆိပ် ဖော်ပြထားခြင်းမရှိတဲ့ အသင့်စားမုန့်တွေကို စစ်ဆေးတွေ့ရှိပါက အရေးယူသွားမယ်လို့ စစ်တပ် အသွင်းပြောင်း အစိုးရအဖွဲ့ စားသုံးသူရေးရာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဆန်းမြင့်ရဲ့ ပြောကြားချက်ကို ဒီကနေ့ထုတ် ဝါဒဖြန့် သတင်းစာမှာ ဖော်ပြပါရှိပါတယ်။

စားသုံးသူရေးရာဦးစီးဌာနအနေနဲ့ ကုန်စည်အုပ်စု ၈ အုပ်စုခွဲပြီး စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်တံဆိပ်တွေ ပြည့်စုံမှု ရှိ၊ မရှိ စောင့်ကြည့်စစ်ဆေးလျက်ရှိတယ်လို့ ဆိုပါတယ်။

ဒါကြောင့် အသင့်စားမုန့်အမျိုးမျိုးမှာ မြန်မာဘာသာ ဒါမှမဟုတ် မြန်မာဘာသာနဲ့ အခြားဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားတွေ ပြည့်စုံစွာဖော်ပြထားခြင်း မရှိတာကို စစ်ဆေးတွေ့ရှိပါက အရေးယူဆောင်ရွက်သွားမယ်လို့ ညွှန်ကြားရေးမှူး ဦးဆန်းမြင့်က ပြောဆိုထားပါတယ်။

စားသုံးသူကာကွယ်ရေးဥပဒေ ပုဒ်မ ၇၃ အရ မြန်မာဘာသာနဲ့ ကုန်အညွှန်းအမှတ်တံဆိပ် ဖော်ပြထားခြင်းမရှိတဲ့ ကုန်စည်တွေကို စစ်ဆေးတွေ့ရှိပါက ၂ နှစ်ထက်မပိုတဲ့ ထောင်ဒဏ်ဖြစ်စေ ငွေကျပ် သိန်း ၂၀၀ ထက် မပိုတဲ့ ငွေဒဏ်ဖြစ်စေ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်တာပါ။

အသင့်စားမုန့်တွေမှာ မြန်မာဘာသာနဲ့ ကုန်အညွှန်းအမှတ်အသား သေချာစွာမဖော်ပြထားဘူးဆိုရင် ဝယ်ယူစားသုံးသူအနေနဲ့ ဓာတ်မတည့်တဲ့ပစ္စည်းတွေ ပါ၊ မပါဆိုတာ ခွဲခြားမသိနိုင်ဘဲ အသက်အန္တရာယ်ဖြစ်နိုင်ပါတယ်။

ဒါကြောင့် စားသုံးသူပြည်သူတွေ ဘေးအန္တရာယ်ကင်းစွာ ဝယ်ယူစားသုံးနိုင်ဖို့၊ ထိခိုက်နစ်နာဆုံးရှုံးမှုမရှိစေဖို့ စားသုံးသူကာကွယ်ရေးဥပဒေနဲ့အညီ မြန်မာဘာသာနဲ့ ကုန်အညွှန်းအမှတ်အသား ဖော်ပြဖို့လိုကြောင်း သူက ဆိုပါတယ်။

ကုန်အညွှန်းအမှတ်အသားနဲ့ ပတ်သက်ပြီး စားသုံးသူပြည်သူတွေနဲ့ ထုတ်လုပ်သူလုပ်ငန်းရှင်တွေ သိရှိစေဖို့ အသိပညာပေးတာ လက်ကမ်းစာစောင့်ဖြန့်ဝေတာနဲ့ တွေ့ဆုံဆွေးနွေးတာတွေကို ဆောင်ရွက်လျက်ရှိပြီး တိုင်းနဲ့ပြည်နယ်တွေရှိ ကုန်တိုက်တွေ ဈေးတွေနဲ့ ကျောင်းမုန့်ဈေးတန်းတွေမှာ ရက်သတ္တပတ်အလိုက် လအလိုက် စစ်ဆေးလျက်ရှိတယ်လို့ ဆိုထားပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.