နေပြည်တော်၊ ဇူလိုင် ၂၂

တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ မြို့နယ်ပေါင်း ၅၈ မြို့နယ်မှာ အရေးပေါ် အခြေအနေနဲ့ စစ်အုပ်ချုပ်ရေးအမိန့် သက်တမ်းထပ်တိုးမှုကို စစ်တပ် အသွင်းပြောင်းအစိုးရရဲ့ ပြည်ထောင်စုလွှတ်တော်မှာ ကန့်ကွက်သူမရှိ အတည်ပြုခဲ့ပါတယ်။

အဲဒီမြို့နယ်တွေမှာ စစ်အုပ်ချုပ်ရေးအမိန့် သက်တမ်းထပ်တိုးဖို့ ပြီးခဲ့တဲ့ ဇူလိုင် ၁၄ ရက်နေ့က ကျင်းပတဲ့ ပြည်ထောင်စု လွှတ်တော် အစည်းအဝေးမှာ ဥပဒေရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးနဲ့ ဒုတိယရှေ့နေချုပ် ဒေါက်တာထိန်လင်းဦးက အဆိုတင်သွင်းခဲ့တာပါ။

အဲဒီဆိုကို ဇူလိုင် ၂၁ ရက်နေ့က ကျင်းပတဲ့ ပြည်ထောင်စု လွှတ်တော် အစည်းအဝေးမှာ ကိုယ်စားလှယ် ငါးဦးက ထောက်ခံဆွေးနွေးပြီးနောက် လွှတ်တော်မှာ ကန့်ကွက်သူမရှိ အတည်ပြုခဲ့တာ ဖြစ်ပါတယ်။

စစ်အုပ်ချုပ်ရေး သက်တမ်းထပ်တိုးရတာဟာ အဲဒီမြို့နယ်တွေမှာ တရားဥပဒေစိုးမိုးရေး၊ နယ်မြေတည်ငြိမ်အေးချမ်းမှုရရှိရေး၊ အကြမ်းဖက်သောင်းကျန်းမှုတွေ ချုပ်ငြိမ်းရေးတို့ကို ဆက်လက်ဆောင်ရွက်သွားဖို့လို့ စစ်တပ် အသွင်းပြောင်း အစိုးရက ပြောဆိုထားပါတယ်။

စစ်တပ် အသွင်းပြောင်း အစိုးရရဲ့ ကိုယ်တိုင်ခန့် သမ္မတဖြစ်တဲ့ ဦးမင်းအောင်လှိုင်ဟာ အဲဒီမြို့နယ်တွေကို ပြီးခဲ့တဲ့ ဧပြီ ၂၃ ရက်နေ့ကစလို့ ရက်ပေါင်း ၉၀ အရေးပေါ် အခြေအနေနဲ့ စစ်အုပ်ချုပ်ရေး အမိန့်ထုတ်ပြန်ထားတာ ဖြစ်ပြီး အဲဒီအမိန့်ဟာ ဇူလိုင် ၂၃ ရက်နေ့မှာ သက်တမ်းကုန်ဆုံးမှာ ဖြစ်ပါတယ်။

စစ်အုပ်ချုပ်ရေး သက်တမ်းတိုးထားတဲ့ မြို့နယ်တွေမှာ ရှမ်းပြည်နယ်က ၁၅ မြို့နယ်၊ ရခိုင်ပြည်နယ်က ၁၄ မြို့နယ်၊ စစ်ကိုင်းတိုင်းက ၈ မြို့နယ်၊ ချင်း၊ ကချင်နဲ့ မကွေးတိုင်းတို့က ၅ မြို့နယ်စီ၊ ကရင်နီပြည်နယ်က ၃ မြို့နယ်၊ ကရင်ပြည်နယ်က ၂ မြို့နယ်၊ မန္တလေးတိုင်းက ၁ မြို့နယ်ပါဝင်ပါတယ်။

လက်ရှိမှာလည်း စစ်အုပ်ချုပ်ရေးအမိန့် သက်တမ်းထပ်တိုးထားတဲ့ မြို့နယ်အများစုမှာ စစ်တပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တို့အကြား ထိတွေ့တိုက်ပွဲတွေ ပြင်းထန်နေပြီး စစ်တပ်ဘက်က လေကြောင်းတိုက်ခိုက်မှုတွေ ပိုမိုပြုလုပ်နေပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.