ရေဖြူ၊ ဇူလိုင် ၂၂
တနင်္သာရီတိုင်း ထားဝယ်ခရိုင်အတွင်း ပညာရေးနဲ့စစ်ရှောင်အရေး ကူညီဆောင်ရွက်နေတဲ့ The Ants – Tanintharyi အဖွဲ့ခေါင်းဆောင်အပါအဝင် သုံးဦးကို စစ်တပ်စစ်ကြောင်းက ဖမ်းဆီးသတ်ဖြတ်လိုက်တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
The Ants Humanitarian Aid Team – Tanintharyi အဖွဲ့ရဲ့ တာဝန်ခံ ကိုအသာ၊ဘဏ္ဍာရေး တာဝန်ခံ ကိုလီယွန်၊ စီမံကိန်းညှိနှိုင်းရေးတာဝန်ခံ ကိုမြတ်သူတို့ဟာ ပြီးခဲ့တဲ့ ဇူလိုင် ၉ ရက်နေ့က ထားဝယ်အထူးစီးပွားရေးဇုန်ဒေသမှာ စစ်တပ်စစ်ကြောင်းရဲ့ ဖမ်းဆီးမှုကို ခံလိုက်ရပါတယ်။
စစ်တပ် စစ်ကြောင်း ဖမ်းဆီးထားတဲ့ The Ants – Tanintharyi အဖွဲ့ခေါင်းဆောင် သုံးဦးရဲ့ ရုပ်အလောင်းတွေကိုတော့ ဇူလိုင် ၂၀ ရက်နေ့က ထားဝယ်အထူးစီးပွားရေးဇုန်ဒေသဖြစ်တဲ့ ရေဖြူမြို့နယ်၊ ဧကနိကျေးရွာ ဆီအုန်းတောထဲမှာ ပြန်လည်တွေ့ရှိခဲ့တာပါ။
ပြန်လည်တွေ့ရှိစဉ် သူတို့ သုံးဦးရဲ့ ထိုးသွင်းဒဏ်ရာတွေအပြင် အပြင်းအထန် နှိပ်စက်ခံထားရတဲ့ ဒဏ်ရာတွေကြောင့် သေဆုံးနေပြီး ရုပ်အလောင်းတွေဟာ ကိုင်လို့မရတဲ့ အခြေအနေကြောင့် အဲဒီနေ့မှာပဲ မီးသဂြိုဟ်လိုက်တယ်လို့ သိရပါတယ်။
ဖမ်းဆီးသတ်ဖြတ်ခံလိုက်ရတဲ့ လူငယ် သုံးဦးဟာ အသက် ၂၀ ဝန်းကျင်အရွယ် လူငယ်တွေ ဖြစ်ပြီး ထားဝယ်ဒေသအတွင်း ကြားကာလ ပညာရေး၊ စစ်ဘေးရှောင်အရေးနဲ့ ရပ်ရွာအရေးပေါ်တုံ့ပြန်ဆောင်ရွက်ရေးကိစ္စတွေမှာ တက်ကြွစွာ ဆောင်ရွက်နေသူတွေ ဖြစ်ပြီး အလားအလာရှိတဲ့ လူငယ်ခေါင်းဆောင်တွေ ဖြစ်တယ်လို့ ဆိုပါတယ်။
The Ants – Tanintharyi အဖွဲ့ကတော့ သူတို့ ခေါင်းဆောင် သုံးဦး သတ်ဖြတ်ခံမှုဟာ ဝမ်းနည်းပူဆွေးမှုကို စကားလုံးတွေနဲ့ ဖော်ပြဖို့ပင် ခက်ခဲလှပြီး ကျန်ရစ်တဲ့ မိသားစုဝင်တွေနဲ့ ထပ်တူဝမ်းနည်းပူဆွေးရတယ်လို့ ဇူလိုင် ၂၁ ရက်နေ့မှာ ဝမ်းနည်းကြောင်း သဝဏ်လွှာထုတ်ပြန်ပါတယ်။
ခေါင်းဆောင် သုံးဦး သတ်ဖြတ်ခံရမှုကြောင့် The Ants -Tanintharyi အဖွဲ့မှ အကောင်အထည်ဖော်ဆောင်ရွက်နေတဲ့ အစီအစဉ်တွေ၊ လုပ်ငန်းစဉ် အားလုံး ခေတ္တရပ်နားထားမယ်လို့ အသိပေးထားပါတယ်။
ဒေသခံတွေရဲ့ ပြောပြချက်အရ စစ်တပ်စစ်ကြောင်းနဲ့အတူ ဖမ်းဆီးခံရတဲ့ ဒေသခံတွေအပါအဝင် ခရီးသွား အမျိုးသား ၁၅ ဦးလောက်ဟာ လက်ရှိအချိန် ပြန်မလွတ်လာသေးသလို စစ်တပ်စစ်ကြောင်းဟာ ထားဝယ်အထူးစီးပွားရေးဇုန်မှာ ဆက်လက်လှုပ်ရှားနေတယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media

