နေပြည်တော် ၊ ဇူလိုင် ၂၂

ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးခေါင်းဆောင်တွေနဲ့ နိုင်ငံရေးအင်အားစုတွေ လွတ်လပ်စွာ ပါဝင်ဆွေးနွေးနိုင်တဲ့ ပတ်ဝန်းကျင်တရပ် ဖန်တီးနိုင်မှသာ မြန်မာ့ပဋိပက္ခချုပ်ငြိမ်းရေးကို အရှိန်မြှင့်တင်ပေးနိုင်မယ်လို့ ရှုမြင်ကြောင်း NLD ပါတီက ဇူလိုင် ၂၀ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

၂၀၂၁ အာဏာသိမ်းမှုကြောင့် ပေါ်ပေါက်လာတဲ့ မြန်မာ့အကျပ်အတည်းကို ဖြေရှင်းရာမှာ အာဆီယံဘုံသဘောတူညီချက် ၅ ရပ် အပါအဝင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခန်းကဏ္ဍနဲ့ ပါတီရဲ့ မူကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဗဟိုအလုပ်ကော်မတီက အသိပေးလာတာပါ။

အာဆီယံအနေနဲ့ မြန်မာ့အရေး ကြိုးပမ်းရာမှာ ထိတွေ့ဆက်ဆံရေးမူဝါဒဟာ လက်တွေ့ဆန်တဲ့ နိုင်ငံရေးဖြေရှင်းမှုကို ဦးတည်စေနိုင်ပေမယ့် အတုအယောင်ရွေးကောက်ပွဲကနေ ပေါ်ပေါက်လာတဲ့ အုပ်ချုပ်ရေးကို အသိအမှတ်ပြုတဲ့အဆင့် မရောက်ရှိဖို့ အရေးကြီးတယ်လို့ NLD က သတိပေးပါတယ်။

မြန်မာ့နိုင်ငံရေးပြဿနာရဲ့ အကြောင်းအရင်းမှာ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲရလဒ်ကို ပယ်ဖျက်ပြီး လက်နက်အားကိုးနဲ့ အာဏာသိမ်းယူခဲ့တာကြောင့် နောက်ဆက်တွဲ ပေါ်ပေါက်လာတဲ့ ပြဿနာတွေကို ဖြေရှင်းရာမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပါဝင်မှုက မရှိမဖြစ် လိုအပ်တယ်လို့ ဆိုတယ်။

NLD ပါတီက နိုင်ငံရေးပြဿနာတွေကို နိုင်ငံရေးနည်းလမ်းတွေနဲ့သာ ဖြေရှင်းရမယ်လို့ ယုံကြည်ထားပြီး တွေ့ဆုံညှိနှိုင်းအဖြေရှာရေးမူကိုသာ အစဉ်အမြဲ ကိုင်စွဲထားတယ်လို့ ထုတ်ပြန်ချက်မှာ အသိပေးထားတာ တွေ့ရပါတယ်။

ဒါကြောင့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးအတွက် လုပ်ငန်းစဉ်တွေ အကောင်အထည်ဖော်ရာမှာ ပြည်သူ့ဆန္ဒ၊ ဒီမိုကရေစီအခြေခံမူတွေနဲ့ ဥပဒေစိုးမိုးရေးတို့ကို အခြေခံရမယ်လို့ NLD ပါတီက ယုံကြည်ထားတာပါ။

ဒီအပေါ် NLD ပါတီ ဗဟိုအလုပ်ကော်မတီကနေ နိုင်ငံရေးပြဿနာတွေကို နိုင်ငံရေးနည်းလမ်းတွေနဲ့သာ ဖြေရှင်းရမယ်ဆိုတဲ့ တွေ့ဆုံညှိနှိုင်းရေးမူနဲ့ ဒီမိုကရေစီဖက်ဒရယ်ပြည်‌ထောင်စုဆိုတဲ့ စကားရပ်အပေါ် ဝေဖန်မှုတွေလည်း ရှိနေပါတယ်။

တစ်ဘက်မှာ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေကို အကြောင်းပြုပြီး စစ်ကောင်စီလက်ထက်မှာ NLD ပါတီကို နိုင်ငံရေးပါတီအဖြစ်ကနေ ပယ်ဖျက်ထားသလို လက်ရှိမှာလည်း ရန်ကုန်က ပါတီရုံးချုပ်ရဲ့ ဆိုင်းဘုတ်ကိုလည်း စစ်အစိုးရက ဖြုတ်သိမ်းထားတာပါ။

ဒီအခြေအနေမှာ NLD ပါတီအနေနဲ့ နိုင်ငံရေးအရ စစ်တပ်နဲ့ ညှိနှိုင်းအဖြေရှာမှုဟာ လက်တွေ့မကျပေမယ့် ဒေါ်အောင်ဆန်းစုကြည်ကတော့ မြန်မာ့အရေးဖြေရှင်းရာမှာ ဆုံချက်အဖြစ် ဆက်ရှိနိုင်တယ်လို့ လွတ်လပ်သော မြန်မာသတင်းမီဒီယာ‌ကောင်စီ အတွင်းရေးမှူး ဦးတိုးဇော်လတ်က သုံးသပ်ပါတယ်။

“NLD ကို ပါတီတစ်ခုအနေနဲ့ တကယ်တမ်းတော့ စစ်တပ်နဲ့ ညှိနှိုင်းအဖြေရှာ ဖြေရှင်းတဲ့ Dialogue နဲ့ သွားမယ်ဆိုတာတော့ သိပ်လက်တွေ့မကျပါဘူး။ အဲဒီတော့ စစ်ရေးအရ ဖြေရှင်းတယ်ဆိုတော့လည်း အနိုင်တိုက်နိုင်မလားဆိုတာ ပြဿနာ ရှိနိုင်ပါတယ်။အဲဒီတော့ လောလောဆယ်မှာ ဆုံချက်ဖြစ်နိုင်စရာတော့ မရှိသေးပါဘူး။ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်ကတော့ ဆုံချက်အနေနဲ့ ဆက်ရှိနိုင်တယ်။ဖယ်ထားလို့ မရဘူး။ ဘယ်လိုအခြေအနေမှာမဆို ဒေါ်စုအပေါ်ကို စစ်တပ်က ဘယ်လိုကိုင်တွယ်တယ်ဆိုတာတော့ မြန်မာပြည်ရဲ့ နိုင်ငံရေးတိုးတက်မှု ဆုတ်ယုတ်မှု အဲဒါနဲ့ တိုင်းတာတဲ့ အခြေအနေတစ်ခုတော့ ဆက်ရှိနေမယ်လို့ ပြောပါရစေခင်ဗျ”လို့ ဆိုပါတယ်။

NLD က အာဆီယံရဲ့ ဘုံသဘောတူညီချက် ၅ ရပ်ဟာ မြန်မာ့အရေးကို ဖြေရှင်းရာမှာ အဓိကမူဘောင်အဖြစ် ဆက်လက်တည်ရှိကြောင်း ထပ်မံအတည်ပြုခဲ့မှုအပေါ် ကြိုဆိုကြောင်းနဲ့ အားလုံးပါဝင်တဲ့ တွေ့ဆုံဆွေးနွေးရေးဟာ မရှိမဖြစ် လိုအပ်တယ်လို့ အသိပေးထားတာပါ။

နိုင်ငံရေးအကျဉ်းသားတွေကို ဆက်လက်ထိန်းသိမ်းထားတာက မြန်မာ့အကျပ်အတည်း ဖြေရှင်းရာမှာ အဓိကအတားအဆီးတရပ်အဖြစ် တည်ရှိနေပြီး အားလုံးပါဝင်ရေးဟာ သက်ဆိုင်သူအားလုံးရဲ့ ယုံကြည်မှုကို အခြေခံရမယ်လို့ ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ကိုယ်စားပြုမှုရှိတဲ့ နိုင်ငံရေးအင်အားစုတွေ တိုင်းရင်းသားအင်အားစုတွေရဲ့ အပြည့်အဝ ပါဝင်မှုမရှိတဲ့ ဘယ်နိုင်ငံရေးဖြစ်စဉ်မဆို လူထုရဲ့ ယုံကြည်လက်ခံမှုနဲ့ ပူးပေါင်းမှု အပြည့်အဝရဖို့ ခက်ခဲမယ်လို့ NLD က ယုံကြည်ထားတာပါ။

၂၀၂၁ စစ်အာဏာသိမ်းချိန်ကစပြီး ဒီကနေ့အချိန်ထိ ဖမ်းဆီးခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လည်လွတ်ပေးရေးနဲ့ သက်ရှိထင်ရှားရှိကြောင်းပြသဖို့ ဒီမိုကရေစီအင်အားစုတွေနဲ့ နိုင်ငံတကာအသိုင်းဝိုင်းတွေက ဆက်တိုက် တောင်းဆိုလာနေပါတယ်။

စစ်အစိုးရကတော့ အာဆီယံကနေတဆင့် ကုလသမဂ္ဂမှာ နိုင်ငံရေးအရ ပြန်လည်ဝင်ဆံ့နိုင်ရေးကို အမှန်တကယ် လိုလားပေမယ့် ဒေါ်‌အောင်ဆန်းစုကြည်ကို လွတ်ပေးရေး၊ အာဆီယံအထူးကိုယ်စားလှယ်နဲ့ တွေ့ဆုံခွင့်ပေးရေးတို့မှာ အခုထက်ထိ တင်းခံပြီး ငြင်းဆန်နေဆဲအခြေအနေပါ။

နိုင်ငံရေးလေ့လာသုံးသပ်သူ တစ်ဦးက စစ်အစိုးရအနေနဲ့ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှား ရှိ မရှိကို မပြရဲတာဖြစ်သလို လက်ရှိ ဖိအားတွေကြောင့် တရုတ်အစိုးရရဲ့ နိုင်ငံရေးကစားကွက်အတိုင်း လုပ်နေတာလို့ သူ့အမြင်ကို ပြောပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ကို မင်းအောင်လှိုင်က ဘယ်သူနဲ့မှ ပေးမတွေ့ခဲ့ဘူး။ နောက်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည် သက်ရှိ ထင်ရှားရှိနေတယ်ဆိုတာကိုလည်း သူ ထုတ်မပြရဲဘူး။ တစ်အချက် သူကြောက်နေတာက ဒေါ်အောင်ဆန်းစုကြည်ကို ထားထားတဲ့ အခြေအနေကို အပြင်ကို ပေါက်ကြားသွားမှာရယ် ၊ နှစ်အချက် ဒေါ်အောင်ဆန်းစုကြည် သက်ရှိ မရှိ ဆိုတာကို မပြရဲတာရယ် သုံးအချက်ကျတော့ လက်ရှိမှာ ဖိအားတွေ အရမ်းများလာတဲ့အခါကျတော့ နိုင်ငံရေးကစားကွက်အနေနဲ့ တရုတ်ကို သူက လုံးဝ အားကိုးပြီးတော့ တရုတ် ကစားကွက်အတိုင်း ကစားနေတာပဲလို့ ကျွန်တော်မြင်တယ်”လို့ ဆိုတယ်။

လက်ရှိ မြန်မာနိုင်ငံရဲ့ အခင်းအကျင်းဟာ အာဏာသိမ်း စစ်တပ်ကနေ အရပ်သားအသွင်ပြောင်းအစိုးရနဲ့ လွှတ်တော်တွေ ပေါ်ပေါက်လာပေမယ့် စစ်အာဏာရှင်စနစ်အမြစ်ဖြတ်ရေးတိုက်ပွဲဟာ ရပ်တန့်သွားခြင်း မရှိခဲ့ပါဘူး။

ဒါ့အပြင် ဒီမိုကရေစီနည်းကျ ရွေးကောက်ခံအစိုးရအဖြစ် စစ်အစိုးရက ကြွေးကြော်နေပေမယ့် ကန့်သတ်မှုတွေ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ အရပ်သားပစ်မှတ်ကို ဦးတည်တဲ့ လေကြောင်းတိုက်ခိုက်မှုတွေလည်း ဆိုးရွားစွာ ဆက်ရှိနေတာပါ။

လေ့လာသူတွေကတော့ မြန်မာ့အကျပ်အတည်းကို ဖြေရှင်းတဲ့နေရာမှာ သက်ဆိုင်သူအားလုံး ပါဝင်တဲ့ တွေ့ဆုံဆွေးနွေးရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေအတွက် ဒေါ်အောင်ဆန်းစုကြည်ဟာ ဖယ်ထားလို့ မရတဲ့ အခန်းကဏ္ဍမှာ ပါဝင်နေတယ်လို့ ‌ထောက်ပြကြပါတယ်။

လူ့အခွင့်အရေးဆိုင်ရာ အာဆီယံလွှတ်တော်အမတ်များအဖွဲ့ APHR ကတော့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး ကျင်းပနေချိန်အတွင်း ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိကြောင်း သက်သေပြနိုင်ရေး စစ်အစိုးရကို ဖိအားပေးဖို့ အာဆီယံအလှည့်ကျ ဥက္ကဌနဲ့ တီမောသမ္မတို့ကို အိတ်ဖွင့်စာပေးပြီး တိုက်တွန်းထားပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.