မြဝတီ ဇူလိုင် ၁၆
ကရင်ပြည်နယ် မြဝတီမြို့တောင်ဘက် မင်းလက်ပံနဲ့ ဖလူးဒေသအတွင်း အာဏာသိမ်း စစ်တပ်ရဲ့ ပြန်လည်စစ်ကြောင်းထိုးမှု သီတင်း ၁ ပတ်ခန့်အတွင်းမှာ တော်လှန်ရေးအင်အားစုအဖွဲ့တွေ ထိန်းချုပ်ထားတဲ့ နယ်မြေတစ်ခုကို လက်လွှတ်ခဲ့ရတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်နဲ့ စစ်တပ်လော်ဘီတွေဆီက သိရပါတယ်။
လေးကေကော်မြို့သစ်အနီး မင်းလက်ပံနဲ့ ဖလူးဒေသတို့ကို စိုးမိုးထိန်းချုပ်နိုင်ဖို့အတွက် အာဏာသိမ်း စစ်တပ်၊ ကရင်နယ်ခြားစောင့်တပ် BGF၊ ခွဲထွက် DKBA အဖွဲ့တို့ ပူးပေါင်းပြီး KNLA ဦးဆောင်တဲ့ တော်လှန်ရေးအင်အားစုတို့အပေါ် ဇူလိုင် ၈ ရက် မနက်ကစတင်ကာ ထိုးစစ်ဆင်နေတာဖြစ်ပါတယ်။
အာဏာသိမ်း စစ်တပ်ရဲ့ ပူးပေါင်းစစ်ကြောင်းတို့က လူအင်အားထောင်ချီ အသုံးပြုပြီး စစ်ကြောင်း ၅ ကြောင်းနဲ့ နေရာအသီးသီးကနေ မင်းလက်ပံနဲ့ ဖလူးဒေသကို ထိုးစစ်ဆင်လာတာကြောင့် ဇူလိုင် ၈ ရက်နေ့ကနေ ၁၅ ရက်နေ့အတွင်း တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားခဲ့တာပါ။
စစ်တပ်ဟာ လက်နက်ကြီးပစ်ကူနဲ့ လေကြောင်းပစ်ကူတွေကို အပြင်းအထန်အသုံးပြုပြီး မြေပြင်ကနေလည်း အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာခဲ့တာကြောင့် တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်ထားတဲ့ တောင်ကုန်းနေရာတစ်ခုကို ဇူလိုင် ၁၃ ရက် ညပိုင်းက လက်လွှတ်ဆုံးရှုံးခဲ့ရတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တစ်ဦးက ဆိုပါတယ်။
စစ်တပ်က သိမ်းပိုက်ရရှိခဲ့တဲ့ တောင်ကုန်းကို ရဲကုန်းလို့ခေါ်ပြီး လေးကေကော်မြို့ အနောက်ဘက် တောင်ကြောမှာ တည်ရှိကာ စစ်ရေးအရ အရေးပါမှုမရှိပေမယ့် စစ်တပ်အတွက် ခြေကုပ်ယူစရာနေရာတစ်ခု ရရှိသွားတာဖြစ်တယ်လို့ အဲဒီသတင်းရင်းမြစ်က ဆိုထားပါတယ်။
တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်ထားတဲ့ ရဲကုန်းကို စစ်တပ်က သိမ်းပိုက်ရရှိခဲ့ပြီး တော်လှန်ရေးအင်အားစုတွေအပေါ် ဆက်လက်ထိုးစစ်ဆင်နေတယ်လို့ စစ်တပ်ထောက်ခံသူတွေကလည်း လူမှုကွန်ရက်မှာ ရေးသားဖော်ပြထားပါတယ်။
၁ ပတ်ကျော်လာတဲ့ ထိုင်း-မြန်မာနယ်စပ်နားက မင်းလက်ပံ ဖလူးဒေသတိုက်ပွဲအတွင်း စစ်တပ်ရဲ့ပူးပေါင်းတပ်ဘက်မှာ အများအပြား ထိခိုက်မှုတွေရှိနေပေမယ့် အင်အားတွေ ထပ်မံဖြည့်ဆည်းကာ တိုက်ခိုက်မှုတွေ အပြင်းအထန်ဆက်လုပ်နေတယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media

