ရေးမှာ စစ်တပ်ဖမ်းဆီးသွားတဲ့ အမျိုးသမီးတစ်ဦး ပြန်မလွတ်သေး

ရေး၊ ဇူလိုင် ၁၆

မွန်ပြည်နယ် ရေးမြို့နယ် အစင်ကျေးရွာကနေ အာဏာသိမ်း စစ်တပ် ဖမ်းဆီးသွားတဲ့ အမျိုးသမီး နှစ်ဦးမှာ တစ်ဦးသာ ပြန်လွတ်လာပြီး ကျန်တစ်ဦးက ဆက်လက်ဖမ်းဆီးခံထားရတယ်လို့ ရွာခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၁၀ ရက်နေ့ ည ၈ နာရီအချိန်လောက်က အာဏာသိမ်း စစ်တပ်ဟာ အစင်ကျေးရွာနေ အမျိုးသမီး နှစ်ဦးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ထောက်ပို့စွပ်စွဲချက်နဲ့ နေအိမ်တွေမှာ ဝင်ရောက်ဖမ်းဆီးသွားတာပါ။

ဖမ်းဆီးခံရတဲ့သူတွေဟာ အစင်ကျေးရွာနေ မုန့်ဖုတ်လုပ်ငန်းလုပ်ကိုင်သူ အသက် ၅၀ ကျော်အရွယ် ဒေါ်မိထွေးနဲ့ ရွာလယ်ပိုင်းကနေ အထည်ရောင်းသူ အသက် ၄၀ ကျော်အရွယ် အမည်စုံစမ်းဆဲ အမျိုးသမီး တစ်ဦးတို့ ဖြစ်ပါတယ်။

အဲဒီနောက် အာဏာသိမ်း စစ်တပ်ဟာ ၄ ရက်အကြာ စစ်ဆေးမေးမြန်းပြီးနောက် ဇူလိုင် ၁၄ ရက်နေ့မှာ ဒေါ်မိထွေးကို ပြန်လွှတ်ပေးခဲ့ပေမယ့် ကျန်တဲ့ အမျိုးသမီးတစ်ဦးကို ဆက်လက်ဖမ်းဆီးထားပါတယ်။

ဆက်လက်ဖမ်းဆီးခံထားရတဲ့ အမျိုးသမီးကို အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေနဲ့ အမှုဖွင့်အရေးယူဖို့ လုပ်ဆောင်နေတယ်လို့ စစ်တပ်နဲ့နီးစပ်သူတွေထံက သိရပါတယ်။

ရေးမြို့နယ်မှာ အာဏာသိမ်းကာလအတွင်း စစ်တပ်ဟာ ဒေသခံပြည်သူတွေကို PDF နဲ့ ပတ်သက်တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ဖမ်းဆီးပြီး နှစ်ရှည်ထောင်ဒဏ် ချမှတ်တာတွေ ရှိနေသလို တချို့ကိုတော့ ငွေကြေးအဆမတန် တောင်းခံပြီး ပြန်လွှတ်ပေးတာတွေ ရှိနေပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.