သုံးလအတွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၃၀၀ ကျော် သေဆုံး

မော်လမြိုင်၊ ဇူလိုင် ၁၅

နိုင်ငံတဝန်းမှာ ပြီးခဲ့တဲ့ သုံးလအတွင်း အာဏာသိမ်း စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၃၁၄ ဦး သေဆုံးခဲ့တယ်လို့ မြန်မာအင်တာနက်ပရောဂျက် MIP က ထုတ်ပြန်ပါတယ်။

၂၀၂၆ ခုနှစ် ဧပြီလကနေ ဇွန်လအတွင်း နိုင်ငံတဝန်းမှာ လေကြောင်းတိုက်ခိုက်မှု ဖြစ်စဉ်ပေါင်း အကြိမ် ၅၂၀ ထက်မနည်း ရှိခဲ့ပြီး အများစုဟာ အင်တာနက်ဖြတ်တောက်ခံထားရတဲ့ ဒေသခံတွေမှာ ဖြစ်ပွားခဲ့တာပါ။

လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူတွေထဲမှာ အမျိုးသမီး ၅၈ ဦး၊ ကလေး ၄၁ ဦးနဲ့ သက်ကြီးပိုင်း ၁၅ ဦး ပါဝင်ပြီး ဆက်သွယ်ရေး အခက်အခဲနဲ့ ရင်ဆိုင်နေတဲ့ ဒေသတွေမှာ အများဆုံးဖြစ်ပွားခဲ့တယ်လို့ MIP က ဆိုပါတယ်။

လေကြောင်းတိုက်ခိုက်မှုကြောင့် ဘာသာရေးအဆောက်အအုံ ၂၂ ခု၊ စာသင်ကျောင်း ၁၇ ကျောင်း၊ ဆေးရုံဆေးခန်း ၇ ခုနဲ့ စစ်ဘေးရှောင်စခန်း ၅ ခု ပါဝင်တယ်လို့ ဖော်ပြထားပါတယ်။

တစ်ဖက်မှာလည်း သုံးလအတွင်း ချင်းပြည်နယ်မှာ လေကြောင်းတိုက်ခိုက်မှု ၁၂၂ ကြိမ်နဲ့ အဆိုးရွားဆုံးဖြစ်ပြီး စစ်ကိုင်းတိုင်းမှာ ၁၀၁ ကြိမ်နဲ့ ရခိုင်ပြည်နယ်မှာ ၉၈ ကြိမ် အများဆုံး ဖြစ်ပါတယ်။

လေကြောင်းတိုက်ခိုက်မှု ဖြစ်စဉ်အားလုံးရဲ့ ၆၂ ရာခိုင်နှုန်းဟာ စစ်တပ်နဲ့ စစ်ရေးပဋိပက္ခ ပြင်းထန်နေတဲ့ အဲဒီဒေသသုံးခုမှာ ဖြစ်ပွားခဲ့ပြီး စစ်အုပ်စုက နယ်မြေပြန်လည်စိုးမိုးနိုင်ရေး ထိုးစစ်ဆင်နေတဲ့ ဒေသတွေမှာ ဝေဟင်အင်အား အလွန်အကျွံ အသုံးပြုထားတယ်လို့ ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – AA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.