မော်လမြိုင်၊ ဇူလိုင် ၁၅
မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကြောင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းတွေဟာ ကမ္ဘာ့အဆိုးရွားဆုံး အခြေအနေအဖြစ်ကို ရောက်ရှိနေတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး UNOCHA Myanmar က ထုတ်ပြန်ထားပါတယ်။
မြန်မာနိုင်ငံဟာ ကမ္ဘာ့အဆိုးရွားဆုံး လူသားချင်းစာနာမှု အကျပ်အတည်းတွေထဲမှ တစ်ခုအဖြစ်ရှိနေပြီး ပဋိပက္ခ နေရပ်စွန့်ခွာတိမ်းရှောင်ရတာနဲ့ ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ အခက်အခဲတွေကြောင့် နိုင်ငံတဝန်းရှိ လူဦးရေ ၁၆ သန်းကျော် အရေးပေါ် အကူအညီ လိုအပ်နေတယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ လက်နက်ကိုင် တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်ရသူ ၃ ဒသမ ၈ သန်းနီးပါရှိပြီး အများစုဟာ အကြိမ်ကြိမ် နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရသူတွေ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
အထူးသဖြင့် နိုင်ငံရဲ့အနောက်မြောက်ပိုင်းနဲ့ အရှေ့တောင်ပိုင်းတွေမှာ ပဋိပက္ခတွေ ဆက်လက်ဖြစ်ပွားနေတာကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ရသူတွေ ထပ်မံတိုးလာပြီး မကြာသေးခင်က မကွေးတိုင်းမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် လူဦးရေ ၁ သိန်းကျော် နေရပ်စွန်ခွာ ထွက်ပြေးခဲ့ရတယ်လို့ UNOCHA က ဆိုပါတယ်။
၂၀၂၆ ခုနှစ် မတ်လကုန်အထိ နိုင်ငံတဝန်းရှိ လူဦးရေ ၄ ဒသမ ၉ သန်းကို လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ ပေးအပ်ဖို့အတွက် လျာထားပေမယ့် လူဦးရေ ၁ ဒသမ ၆ သန်းကိုသာ အကူအညီပေးနိုင်ခဲ့ပါတယ်။
တစ်ဖက်မှာလည်း နိုင်ငံအနှံ့မှာ ဖြစ်ပွားနေတဲ့ လက်နက်ကိုင် ပဋိပက္ခတွေ၊ သွားလာခွင့်ဆိုင်ရာ ကန့်သတ်ချက်တွေနဲ့ အုပ်ချုပ်ရေးဆိုင်ရာ အဟန့်အတားဖြစ်နေပြီး လူထုအသိုင်းအဝိုင်းတွေအတွက် လူသားချင်းစာနာမှု အကူအညီပေးရာမှာ ဘေးကင်းလုံခြုံမှုနဲ့ နှောင့်နှေးကြန့်ကြာမှု မရှိရေးအတွက် အရေးကြီးတယ်လို့ UNOCHA အသိပေးထုတ်ပြန်ထားပါတယ်။
သတင်း – သံလွင်တိုင်းမ်

