မော်လမြိုင် ၊ ဇူလိုင် ၁၆
မြန်မာ့အကျပ်အတည်းနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးကိုယ်စားလှယ် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး ထရီဆာလာဇာရိုက ကနဦးခြေလှမ်းအဖြစ် မတူညီတဲ့ အစုအဖွဲ့တချို့ကို သီးခြားစီ တွေ့ဆုံလာပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ဝန်ကြီး ထရီဆာလာဇာရိုက စစ်အစိုးရခန့် နိုင်ငံခြားရေးဝန်ကြီးကို ထိုင်းနိုင်ငံမှာ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေနဲ့အတူ တွေ့ဆုံခဲ့သလို စစ်အစိုးရရဲ့ ငြိမ်းချမ်းရေးညှိနှိုင်းရေးကော်မတီ NSPNC နဲ့ EAOs အဖွဲ့တချို့တို့ကိုပါ သီးခြားစီ တွေ့ဆုံခဲ့တာပါ။
အဲဒီ တွေ့ဆုံမှု အစည်းအဝေးတွေအတွင်း ထိုင်း နိုင်ငံခြားရေးဝန်ကြီး ဆီဟာဆက်က အိမ်ရှင်အဖြစ် လက်ခံကျင်းပပေးခဲ့တာလို့ ဇူလိုင် ၁၄ ရက်နေ့မှာ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့ပါတယ်။
အာဆီယံအထူးကိုယ်စားလှယ်လည်းဖြစ်တဲ့ ထရီဆာလာဇာရိုက အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ပါ အွန်လိုင်းကနေ တွေ့ဆုံခဲ့တယ်လို့ ဝန်ကြီးချုပ်ရုံးပြောခွင့်ရ ဦးနေဘုန်းလတ်က အတည်ပြုပါတယ်။ အသေးစိတ်ကိုတော့ သတင်းထုတ်ပြန်မယ်လို့ ဇူလိုင် ၁၅ ရက်နေ့မှာ BBC မြန်မာပိုင်းကို ဖြေကြားထားတာပါ။
ဒီမတိုင်ခင်မှာ အာဆီယံအထူးကိုယ်စားလှယ်က အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ ဒီမိုကရေစီအင်အားစုတွေကို တွေ့ဆုံမှု မရှိခဲ့တဲ့အပေါ် ဝေဖန်သံတွေ ဆူညံသွားပြီးမှသာ အခုလို တွေ့ဆုံတာ ဖြစ်ပါတယ်။
ကျောင်းသားခေါင်းဆောင်ဟောင်း ကိုမင်းသွေးသစ်က အာဆီယံအနေနဲ့ နွေဦးတော်လှန်ရေးရဲ့ အဓိက ပါဝင်နေတဲ့ EROs တွေနဲ့ NUG တို့ကို တွေ့ဆုံဆွေးနွေးနိုင်မှသာ မြန်မာ့နိုင်ငံရေးအရွေ့ကို ခြေလှမ်းနိုင်မယ်လို့ သုံးသပ်ပါတယ်။
“မြန်မာပြည်ကို တကယ်ငြိမ်းချမ်းစေချင်ရင် ပိုပြီးထိရောက်တဲ့ နည်းလမ်းတွေကို ဆောင်ရွက်တဲ့ နေရာမှာ လိုအပ်တဲ့ အကြံအဉာဏ်တွေဖြစ်ပါစေ လိုအပ်တဲ့ ဆွေးနွေးညှိနှိုင်းမှုတွေပဲ ဖြစ်ပါစေ မြန်မာ့နွေဦးတော်လှန်ရေးရဲ့ Actor တွေဖြစ်တဲ့ EROs ခေါင်းဆောင်တွေ နောက် NUG အစိုးရတို့ကို တွေ့ဆုံဆွေးနွေးဖို့ လုပ်သင့်တယ်။ ဒါတွေကသာ မြန်မာ့နိုင်ငံရေးရဲ့ ရှေ့ကို ခြေလှမ်းနိုင်မယ့် အခြေအနေတွေ ဖြစ်မှာဖြစ်ပြီး အရင်လိုမျိုး Five Consensus ကို ဆက်ကိုင်ထားပြီး ဆက်သွားနေမယ်ဆိုရင်တော့ ဗမာစစ်အုပ်စုကို ဘာတစ်ခုမှ ပြောလို့ရမှာ မဟုတ်ဘူး”လို့ ဆိုပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ NUG က CRPH အပါအဝင် တိုင်းရင်းသားမဟာမိတ်တွေဖြစ်တဲ့ KIO ၊ KNU ၊ KNPP ၊ CNF တို့နဲ့အတူ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ SCEF ကို ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။
ဇူလိုင် ၁၃ ရက်နေ့မှာ အာဆီယံအထူးကိုယ်စားလှယ်နဲ့ ထိုင်း နိုင်ငံခြားရေးဝန်ကြီးတို့က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း EAOs တချို့ရဲ့ အဆင့်မြင့်ကိုယ်စားလှယ်တွေကို ပတ္တရားမှာ သီးခြားစီ တံခါးပိတ် တွေ့ဆုံခဲ့ကြတာပါ။
ဒါ့အပြင် အဲဒီနေ့မှာပဲ စစ်တပ်အသွင်ပြောင်းအစိုးရရဲ့ ငြိမ်းချမ်းရေးညှိနှိုင်းရေးကော်မတီ NSPNC နဲ့လည်း တွေ့ဆုံခဲ့တယ်လို့ ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ထုတ်ပြန်ချက်အရ တက်ရောက်လာသူတွေက အပြုသဘောဆောင်တဲ့ ဆွေးနွေးမှုလုပ်ငန်းစဉ်အပေါ် ပွင့်ပွင့်လင်းလင်း ဖော်ပြခဲ့ကြပြီး သက်ဆိုင်သူ အားလုံးပါဝင်တဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေ ဖြစ်ပေါ်လာရေးအတွက် ရှေ့ဆက်ရမယ့် လုပ်ငန်းစဉ်တွေကို သေချာပြင်ဆင်ကြဖို့ ဆွေးနွေးခဲ့ကြတာပါ။
အဲဒီတွေ့ဆုံမှုမှာ EAOs တွေထဲက ဘယ်အဖွဲ့အစည်းတွေ ပါဝင်လဲဆိုတာ မဖော်ပြထားပေမယ့် နိုင်ငံတကာသတင်း အများစုကတော့ KNU ၊ KNPP နဲ့ CNF အပြင် အပစ်ရပ်ထိုးထားပြီး စစ်တပ်နဲ့ တိုက်ပွဲမဖြစ်တဲ့ RCSS နဲ့ NMSP တို့လည်း ပါဝင်တယ်လို့ ဖော်ပြထားကြပါတယ်။
ဒီအပေါ် အာဆီယံအထူးကိုယ်စားလှယ်နဲ့ တွေ့ဆုံခဲ့မှုနဲ့ပတ်သက်ပြီး KNU နဲ့ CNF တို့ရဲ့ ပြောရေးဆိုခွင့်ရှိသူတွေကို သံလွင်တိုင်းမ်က ဆက်သွယ်မေးမြန်းခဲ့ပေမယ့် အကြောင်းပြန်ခြင်း မရှိခဲ့ပါဘူး။
တဘက်မှာ အာဆီယံအထူးကိုယ်စားလှယ်က အခုနှစ် စတုတ္တသုံးလပတ်အတွင်း အကူအညီလိုအပ်နေတဲ့ ဒေသတွေကို လူသားချင်းစာနာမှုဆိုင်ရာ မစ်ရှင်တစ်ခုအဖြစ် သွားရောက်ဦးဆောင်ဖို့ ကတိပြုခဲ့ပြီး သက်ဆိုင်သူ အားလုံးက ထောက်ခံခဲ့ကြတာပါ။
CDM ဗိုလ်ကြီး ဇင်ယော်က စစ်အစိုးရထိန်းချုပ်ထားတဲ့ နယ်မြေတွေကိုသာ သွားခွင့်ပြုမှာဖြစ်ပေမယ့် အာဆီယံအထူးကိုယ်စားလှယ်နဲ့ တွေ့ဆုံခဲ့တဲ့ EAOs တွေရဲ့ နယ်မြေတွေကိုလည်း သွားခွင့်ရနိုင်မယ်လို့ သုံးသပ်ပါတယ်။
“ဒီဟာတွေကို (တိုက်ပွဲဖြစ်ခဲ့တဲ့ မြို့တွေရွာတွေကို) ပြန်ပြီး တည်ဆောက်နေရတယ်ဆိုတဲ့ ပုံစံမျိုးကို ဒေသတွင်းနိုင်ငံတွေကနေတဆင့် နိုင်ငံတကာစာမျက်နှာကို ရောက်သွားအောင်လို့ သူတို့ဘက်က (စစ်အစိုးရ) အမြတ်ထုတ်ပြီးတော့ သူတို့ထိန်းချုပ်ထားတဲ့ နယ်မြေတွေလောက်ကိုပဲ လာခွင့်ပြုလောက်တယ်။ သို့သော် တစ်ဖက်မှာလည်း EROs (EAOs) ငါးဖွဲ့နဲ့ တွေ့ထားတာလည်း ရှိတော့ K2C နဲ့ မွန်ပြည်သစ်ပါတီရယ် RCSS ရယ် သူတို့ စကားပြောထားတာရှိတယ်ဆိုတော့ ဒီနယ်မြေ ငါးခုဘက်ကိုလည်း သွားခွင့်တော့ ရလိမ့်မယ့် အနေအထားမျိုးပဲ။ သူက (အာဆီယံအထူးကိုယ်စားလှယ်) စစ်တပ်ဘက်ကိုလည်း ပြောတယ်၊ ဟိုဘက်ကိုလည်း ပြောထားတော့ နှစ်ဘက်အမြင်နဲ့တော့ နိုင်ငံတကာကနေ မြင်သွားမယ့်အနေအထားမျိုးကို တွေ့ရတယ်” လို့ ဆိုပါတယ်။
ဇူလိုင် ၁၂ ရက်နေ့ကလည်း ဘန်ကောက်မြို့မှာ စစ်အစိုးရခန့် နိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေနဲ့ အလွတ်သဘောအစည်းအဝေးအတွင်း အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေက ဘုံသဘောတူညီချက် ၅ ရပ်ကို ထပ်မံအတည်ပြုခဲ့ပြီး တိုးတက်မှုတွေဖြစ်အောင် အကောင်အထည်ဖော်ဖို့ ဆွေးနွေးခဲ့တာပါ။
ဦးတင်မောင်ဆွေက စစ်အစိုးရရဲ့ ရက် ၁၀၀ ငြိမ်းချမ်းရေးစီမံချက်အပါအဝင် နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုတွေ နှိမ်နင်းရေးနဲ့ ပတ်သက်ပြီး ရှင်းလင်းတင်ပြခဲ့တယ်လို့ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
အဲဒီအလွတ်သဘောအစည်းအဝေးဟာ ၂၀၂၁ အာဏာသိမ်းပြီးနောက်ပိုင်း အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေနဲ့ မြန်မာက စစ်တပ်အသွင်ပြောင်းအစိုးရရဲ့ နိုင်ငံခြားရေးဝန်ကြီးတို့ကြား ပထမဆုံးကြိမ် လူကိုယ်တိုင် တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။
ဒီအပေါ် စစ်အုပ်စုကို သူတို့ရဲ့ နိုင်ငံတကာရာဇဝတ်မှုတွေကို အပြစ်ပေးအရေးယူခံရမှု လွတ်ကင်းစွာနဲ့ ဆက်လက်ကျူးလွန်နိုင်ဖို့ ရဲဆေးတင် အားပေးရာရောက်မှာဖြစ်တယ်လို့ Justic for Myanmar က အာဆီယံနဲ့ အဖွဲ့ဝင်အစိုးရတွေကို သတိပေးထုတ်ပြန်ထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Asean

