မော်လမြိုင်၊ ဇူလိုင် ၁၅

မွန်ပြည်နယ်အတွင်းက မြို့နယ်တွေမှာ စားအုန်းဆီရောင်းပေးမယ်ဆိုပြီး အိမ်ထောင်စုစာရင်းတွေ တောင်းယူနေလို့ ပြည်သူတွေ စိုးရိမ်နေကြတယ်လို့ မြို့ခံတွေထံကနေ သိရပါတယ်။

အရပ်သားအသွင်ပြောင်း စစ်အစိုးရက အခြေခံပြည်သူတွေထံ စားသုံးဆီကို ပြင်ပဈေးထက် သက်သာတဲ့နှုန်းထားနဲ့ ဝယ်ယူနိုင်ရေး ခေါင်းစဉ်နဲ့ စားအုန်းဆီတွေကို ရောင်းချပေးနေရာကနေ အခု ဇူလိုင်လမှစတင်ကာ စားအုန်းဆီ ဝယ်ယူသူတွေထံကနေ အိမ်ထောင်စုစာရင်းတွေ တောင်းယူနေတာလို့ ဆိုပါတယ်။

အရင်က ရပ်ကွက်တွေထဲ စာအုန်းဆီ လိုက်လံရောင်းချပေးမှုမှာ အိမ်ထောင်စုတစ်စုကို တစ်ပိဿာရရှိခဲ့သော်လည်း အိမ်ထောင်စုစာရင်း မပေးခဲ့ရကြောင်း၊ အခု ဆီရောင်းတဲ့အခါ ဝယ်ယူမည်ဆိုပါက အိမ်ထောင်စုစာင်း မိတ္တူ ၃ စောင် တောင်းယူကြောင်း သထုံမြို့ခံတစ်ဦးက သံလွင်တိုင်းမ်ကိုပြောပါတယ်။

အဲဒီ အိမ်ထောင်စုစာရင်းမိတ္တူကို ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ ဆီ လာရောက် ရောင်းချပေးတဲ့ သူတွေက တောင်းယူနေတာဖြစ်တယ်လို့ ဆိုပါတယ်။

အိမ်ထောင်စုစာရင်းမိတ္တူတွေ တောင်းယူနေတာကြောင့် အိမ်ရှိ စစ်မှုထမ်းအသက်အရွယ်အကျုံးဝင်တဲ့ မိသားစုဝင်တွေအတွက် စိုးရိမ်မှုတွေရှိနေကြတယ်လို့ သိရပါတယ်။

အခုလိုမျိုး အိမ်ထောင်စုစာရင်း တောင်းယူမှုကြောင့် စိုးရိမ်မှု ဖြစ်ပေါ်ပြီး တန်းစီဝယ်ယူတာမျိုးမလုပ်တော့ဘဲ အပြင်မှာပဲ ဝယ်ယူမှုတွေရှိတယ်လို့ ပေါင်မြို့ခံတစ်ဦးကလည်း သံလွင်တိုင်းမ်ကို ပြောပါတယ်။

အရပ်သား အသွင်ပြောင်းအစိုးရက ဖြန့်ဝေရောင်းချပေးတဲ့ စားအုန်းဆီတွေကို ငွေကြေးတတ်နိုင်သူတွေက တန်းစီဝယ်ယူတာမျိုးမရှိဘဲ သာမန်လက်လုပ်လက်စား မိသားစုတွေကသာ ဝယ်ယူကြတာမျိုး ရှိနေပါတယ်။

အခုလို စားအုန်းဆီ ဖြန့်ဝေတာမှာလည်း ရပ်ကွက်တွေထဲကို တစ်လမှာ တစ်ကြိမ်သာလာရောင်းပေးလေ့ရှိပြီး တစ်ကြိမ်လာရောင်းပါက မိသားစုတစ်စု ဆီတစ်ပိဿာကိုသာ ဝယ်ယူလို့ရတယ်လို့ သိရပါတယ်။

အသွင်ပြောင်း စစ်အစိုးရက စားအုန်းဆီကို လုပ်ငန်းရှင်တွေထံ ဈေးနှုန်း လျှော့ချရောင်းချပေးနေပေမယ့် ဈေးဆိုင်တွေမှာ ဝယ်ယူပါက တစ်ပိဿာ ကျပ် ၁၅၀၀၀ အနည်းဆုံး ပေါက်ဈေးရှိနေပြီး ရပ်ကွက်ထဲ လိုက်ရောင်းပေးတဲ့ဈေးကတော့တစ်ပိဿာ ကျပ် ၈၀၀၀ ကျော်သာပေးရတယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.