ဘားအံ ဇူလိုင် ၁၅

ကရင်ကျန်းမာရေးနဲ့ ကယ်ဆယ်ဌာန (KDHW) အမှတ်တံဆိပ်ကို အလွဲအသုံးပြုနေတာဟာ အထင်အမြင်လွဲမှားစေနိုင်ပြီး ဌာနအမှတ်တံဆိပ် အလွဲသုံးခြင်းကို လုံး၀ ကန့်ကွက်ရှုံ့ချကြောင်း KDHW ဗဟိုဌာနမှူးက ဇူလိုင် ၁၄ ရက်နေ့မှာ အသိပေးရှင်းလင်းထုတ်ပြန်ပါတယ်။

လက်ရှိ လူမှုမီဒီယာတွေမှာ မိမိတို့ ကရင်ကျန်းမာရေးနဲ့ ကယ်ဆယ်ဌာန (Karen Department of Health and Welfare) အမှတ်တံဆိပ် (Logo) ကို အသုံးပြုပြီး Kawthoolei Natural Miracle Herbs အမည်နဲ့ ကော်ဖီတစ်မျိုးကို ကြေညာရောင်းချနေကြောင်း တွေ့ရှိရတယ်လို့ KDHW ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ကရင်ကျန်းမာရေးနဲ့ ကယ်ဆယ်ဌာန အမှတ်တံဆိပ်ကို Kawthoolei Natural Miracle Herbs ကော်ဖီ အမှတ်တံဆိပ်သဖွယ် အသုံးပြုနေခြင်းကို မိမိတို့ဌာနအနေနဲ့ မသိရှိထားကြောင်းနဲ့ တရားဝင်ခွင့်ပြုထားခြင်းလည်း မရှိကြောင်း KDHW က ဆိုထားပါတယ်။

အခုလို ဌာနအမှတ်တံဆိပ်ကို Kawthoolei Natural Miracle Herbs ကော်ဖီ အမှတ်တံဆိပ်သဖွယ် အလွဲအသုံးပြုနေတာဟာ မိမိတို့ ကရင်ပြည်သူလူထုအပြင် တခြား နိုင်ငံတကာမိတ်ဖက်အဖွဲ့အစည်းတွေအနေနဲ့ အထင်အမြင်လွဲမှားစေနိုင်ကြောင်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ဒါကြောင့် ဌာနအမှတ်တံဆိပ်ကို အလွဲသုံးခြင်းကို မိမိတို့ ကရင်ကျန်းမာရေးနဲ့ ကယ်ဆယ်ဌာန (KDHW) က လုံး၀ ကန့်ကွက်ရှုံ့ချပါကြောင်းနဲ့ ထုတ်လုပ်ပြီးသား ဌာနတံဆိပ်ပါ ရောင်းကုန်တွေအပြင် ဆက်လက်ထုတ်လုပ်တာနဲ့ ကြော်ငြာရောင်းချဖြန့်ချိတာ မပြုလုပ်ဖို့ KDHW က အသိပေးတိုက်တွန်းကန့်ကွက်ပါတယ်။

ကရင်ကျန်းမာရေးနဲ့ ကယ်ဆယ်ဌာန (Karen Department of Health and Welfare) ဟာ မိခင် ကရင်အမျိုးသားအစည်းအရုံး(KNU)က တရားဝင်ဖွဲ့စည်းထားတဲ့ ဌာနတစ်ခုဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်ထဲမှာ အသိပေးထားပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.