သထုံ၊ ဇူလိုင် ၁၄

မွန်ပြည်နယ် သထုံခရိုင်ရဲ့ မြို့နယ်တွေမှာ အာဏာသိမ်း စစ်တပ်ရဲ့ လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သားပြည်သူတွေရဲ့ လုံခြုံရေး ဆိုးရွားစွာ ထိခိုက်နေတယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU သထုံခရိုင်က ပြောပါတယ်။

အာဏာသိမ်း စစ်တပ်ဟာ သထုံခရိုင်ရဲ့ မြို့နယ်တွေဖြစ်တဲ့ ကျိုက်ထို၊ ဘီးလင်းနဲ့ သထုံမြို့နယ်တို့မှာ နေ့စဉ်နဲ့အမျှ လက်နက်ကြီးနဲ့လေကြောင်းတိုက်ခိုက်မှုတွေ ပိုမိုပြုလုပ်လာတာပါ။

KNU သထုံခရိုင်ရဲ့ အချက်အလက်တွေအရ အာဏာသိမ်း စစ်တပ်ဟာ ပြီးခဲ့တဲ့ ဇွန်လနဲ့ အခု ဇူလိုင်လအတွင်း သထုံခရိုင်ရဲ့ မြို့နယ်တွေမှာ လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှု အကြိမ် ၄၀ ထက်မနည်း ပြုလုပ်ထားပါတယ်။

စစ်တပ်ရဲ့ အရပ်သားပြည်သူတွေအပေါ် ပစ်မှတ်ထား တိုက်ခိုက်မှုတွေကြောင့် ဒေသခံ ၈ ဦးထက်မနည်း သေဆုံးပြီး ၂၀ နီးပါး ထိခိုက်ဒဏ်ရာရရှိထားသလို နေအိမ်နဲ့ အဆောက်အဦး ဆယ်နဲ့ချီ ပျက်စီးဆုံးရှုံးထားပါတယ်။

KNU သထုံခရိုင် အတွင်းရေးမှူး ပဒိုစောအေးနိုင်ကတော့ အာဏာသိမ်း စစ်တပ်ဟာ တိုက်ပွဲမရှိဘဲ အရပ်သားပြည်သူတွေ နေထိုင်ရာ ကျေးရွာတွေနဲ့ လုပ်ငန်းခွင်တွေကို ပစ်မှတ်ထား တိုက်ခိုက်မှုတွေ ပိုလုပ်လာတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်တပ်ရဲ့ တိုက်ခိုက်မှုတွေကြောင့် ပြည်သူတွေရဲ့ အသက်၊ အိုးအိမ်နဲ့ ပိုင်ဆိုင်မှုတွေ ဆုံးရှုံးနေရတဲ့အပြင် နေ့စဉ်လူနေမှုဘဝ၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်းတွေနဲ့ လုံခြုံရေးအခြေအနေတွေလည်း ဆိုးရွားစွာ ထိခိုက်လျက်ရှိတယ်လို့ ဆိုပါတယ်။

တဖက်မှာလည်း အာဏာသိမ်း စစ်တပ်ဟာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေကို ငြိမ်းချမ်းရေးဖိတ်ခေါ်ထားသလို  နေရာဒေသအနှံ့မှာ ထိုးစစ်ဆင်မှုတွေ  ဆက်တိုက်လုပ်ဆောင်နေတာကြောင့် KNU နယ်မြေအပါအဝင် ဒေသအများစုမှာ စစ်ရေးတိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.