မော်လမြိုင်၊ ဇူလိုင် ၁၄

မွန်ပြည်နယ်အတွင်းမှာ နှစ်လုံးထီ၊ သုံးလုံးထီ ရောင်းချနေတဲ့ ချဲသည်တွေကို စစ်တပ် အသွင်းပြောင်း အစိုးရရဲ့ ပူးပေါင်းအဖွဲ့တွေက အသည်းအသန် လိုက်လံဖမ်းဆီးနေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်တပ် အသွင်းပြောင်း အစိုးရရဲ့ ပူးပေါင်းအဖွဲ့တွေဟာ ပြီးခဲ့တဲ့ ဇူလိုင် ၉ ရက်နေ့ကစလို့ နှစ်လုံးထီ၊ သုံးလုံးထီ ရောင်းချနေတဲ့ ကော်မရှင်သမားတွေကို နေအိမ်တွေအထိ လိုက်လံဖမ်းဆီးနေတာပါ။

ဖမ်းဆီးခံရတဲ့ ချဲသည်တွေဟာ ရဲတပ်ဖွဲ့၊ စရဖ နဲ့ စစစ တို့ကို လိုင်းကြေးပေးပြီး ချဲရောင်းချနေသူတွေသာ ဖြစ်ကာ အခုရက်ပိုင်းအတွင်း ဖမ်းဆီးခံရသူ ဆယ်နဲ့ချီ ရှိတယ်လို့ ဆိုပါတယ်။
ဖမ်းဆီးရမိခဲ့တဲ့ ချဲသည်တွေကို စစ်တပ် အသွင်းပြောင်း အစိုးရရဲ့ ရဲတပ်ဖွဲ့က လောင်းကစားဥပဒေ ပုဒ်မ ၁၇(က)၊ ၁၈(က)၊ ၁၉(က) တို့နဲ့ အမှုဖွင့်အရေးယူထားပါတယ်။

ဖမ်းဆီးခံရတဲ့ ချဲသည်တွေဟာ ရဲတပ်ဖွဲ့က ဖွင့်လှစ်ထားတဲ့ လောင်းကစား ဥပဒေ ပုဒ်မတွေအရ ငွေဒဏ်အပြင် အမြင့်ဆုံး ထောင်ဒဏ် သုံးနှစ်အထိ ပြစ်ဒဏ် ချမှတ်ခံရနိုင်ပါတယ်။

ဒေသခံတွေရဲ့ ပြောပြချက်အရ ဖမ်းဆီးခံရတဲ့ ချဲသည်တွေဟာ လိုင်းကြေးပေးပြီး ရောင်းချနေတဲ့သူတွေ ဖြစ်တာကြောင့် မိအေးနှစ်ခါနာ ဖြစ်နေရတယ်လို့ ဆိုပါယ်။

ချဲသည်တွေ ဖမ်းဆီးခံရမှုဟာ ပြီးခဲ့တဲ့ မေ ၂၆ ရက်နေ့က နေပြည်တော်မှာ ပြုလုပ်တဲ့ စစ်တပ် အသွင်းပြောင်း အစိုးရအဖွဲ့ အစည်းအဝေးမှာ အာဏာသိမ်း သမ္မတက အွန်လိုင်း လောင်းကစားတွေကို မြေပြင်ကွင်းဆင်းပြီး တိုက်ဖျက်ဖို့ တိုင်းဒေသကြီးနဲ့ ပြည်နယ်ဝန်ကြီးချုပ်တွေကို ညွှန်ကြားချက်ကြောင့် ဖြစ်နိုင်တယ်ဆိုတဲ့ သုံးသပ်မှုတွေ ရှိနေပါတယ်။

မွန်ပြည်နယ်မှာတော့ ချဲသည်တွေကို အသည်းအသန် လိုက်လံဖမ်းဆီးနေပေမယ့် ဒေသတွင်းမှာ နာမည်ဆိုးနဲ့ ကျော်ကြားနေတဲ့ မိုးလုံလေလုံ လောင်းကစားဝိုင်း အများအပြား ဆက်လုပ် လုပ်ကိုင်နေတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.