နေပြည်တော် ၊ ဇူလိုင် ၁၅
နောင်ကျင်းပမယ့် ရွေးကောက်ပွဲအတွင်း သက်ဆိုင်ရာ လွှတ်တော်အလိုက် ဝင်ပြိုင်မယ့် အမတ်လောင်းတွေရဲ့ အရည်အချင်းသတ်မှတ်ချက်ထဲမှာ ဘွဲ့ရရှိပြီးသူအဖြစ် တိုးမြှင့်တဲ့ ဥပဒေကြမ်းကို စစ်အစိုးရရဲ့ ပြည်ထောင်စုလွှတ်တော်က ပြဌာန်းလာပါတယ်။
ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နဲ့ တိုင်းဒေသကြီး ဒါမှမဟုတ် ပြည်နယ်လွှတ်တော် ဥပဒေကို သတ္တမအကြိမ်ပြင်ဆင်တဲ့ ဥပဒေကြမ်းကို ပြည်သူတွေ သိရှိလေ့လာအကြံပြုနိုင်ဖို့ ဇူလိုင် ၁၄ ရက်နေ့ထုတ် နိုင်ငံပိုင်ဝါဒဖြန့်သတင်းစာတွေမှာ အသိပေးဖော်ပြထားတာပါ။
ဥပဒေကြမ်းမှာတော့ သက်ဆိုင်ရာလွှတ်တော်အလိုက် ရွေးကောက်တင်မြှောက်ခံပိုင်ခွင့်ရှိသူတွေရဲ့ အရည်အချင်းသတ်မှတ်ချက်တွေထဲမှာ နိုင်ငံတော်က အသိအမှတ်ပြုတဲ့ တက္ကသိုလ် ဒီဂရီကောလိပ်နဲ့ ကောလိပ်တစ်ခုခုကနေ ဘွဲ့ရရှိပြီးသူလို့ ထည့်သွင်းထားတာ ဖြစ်ပါတယ်။
ဒါဟာ စစ်ကောင်စီလက်ထက် ပြဌာန်းခဲ့တဲ့ လွှတ်တော်သုံးရပ်လုံးရဲ့ ဥပဒေမှာ အခြေခံပညာအဆင့်ပြီးမြောက်သူကနေ အခုအခါမှာ ဘွဲ့ရရှိပြီးသူနဲ့ အစားထိုးထားတာကြောင့် ဥပဒေကြမ်းကို အတည်ပြုလိုက်ရင် နောင်ရွေးကောက်ပွဲတွေမှာ ဘွဲ့ရမှသာ အမတ်လောင်းအဖြစ် ဝင်ပြိုင်ရမယ့် သဘောမျိုး သက်ရောက်သွားမှာပါ။
တစ်ဘက်မှာ ရွေးကောက်တင်မြှောက်ခံရပြီး သတ်မှတ်ထားတဲ့အတိုင်း ရွေးကောက်ပွဲကုန်ကျစရိတ်စာရင်း တင်သွင်းဖို့ ပျက်ကွက်လို့ အရည်အချင်းပျက်ယွင်းတယ်လို့ ရွေးကောက်ပွဲခုံအဖွဲ့ရဲ့ ဆုံးဖြတ်ခံရရင် လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဆက်လက်ရပ်တည်ပိုင်ခွင့် မရှိစေရဘူးလို့ ဖြည့်စွက်ထားတာပါ။
ဒါ့အပြင် လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံရသူတစ်ဦးဟာ မိမိကိုယ်စားပြုထားတဲ့ ပါတီက မှတ်ပုံတင်ပယ်ဖျက်ခံရရင် လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်ခံရခြင်းကနေ အလိုအလျောက်ပျက်ပြယ်ပြီးဖြစ်ကြောင်း မှတ်ယူရမယ်လို့ ဆိုပါတယ်။
မိမိကိုယ်စားပြုပါတီ ဖျက်သိမ်းရင်ဖြစ်စေ ပါတီမှတ်ပုံတင်ပယ်ဖျက်ခံရရင်ဖြစ်စေ အခြားပါတီတစ်ခုခုရဲ့ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရပ်တည်ခွင့်ပြုဖို့ သက်ဆိုင်ရာပါတီရဲ့ ပါတီဝင်ဖြစ်ကြောင်း အထောက်အထားနဲ့ ပါတီဖျက်သိမ်းပယ်ဖျက်ခံရတဲ့နေ့ကစပြီး ရက်ပေါင်း ၆၀ အတွင်း ကော်မရှင်ကို လျှောက်ထားရမှာပါ။
အဲဒီလို မလျှောက်ထားရင် လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံရခြင်းကနေ အလိုအလျောက်ပျက်ပြယ်ပြီးဖြစ်ကြောင်း မှတ်ယူရမှာဖြစ်ပြီး ခြွင်းချက်အနေနဲ့ တစ်သီးပုဂ္ဂလလွှတ်တော်ကိုယ်စားလှယ်အဖြစ်သာ ရပ်တည်လိုကြောင်း ဆန္ဒရှိရင် ကော်မရှင်ကို တင်ပြနိုင်တယ်လို့ ပြည်သူ့လွှတ်တော် ဥပဒေပုဒ်မ ၁၁ ရဲ့နောက်မှာ ၁၁ – က အဖြစ် ဖြည့်စွက်ဖော်ပြပါတယ်။
အဲဒီပုဒ်မတွေနဲ့ပတ်သက်ပြီး အချိုးကျကိုယ်စားပြုစနစ်နဲ့ မဲများသူ အကုန်အနိုင်ယူစနစ်တို့ကို ပေါင်းစပ်ကျင့်သုံးထားတဲ့ အမျိုးသားလွှတ်တော်နဲ့ တိုင်းဒေသကြီး ဒါမှမဟုတ် ပြည်နယ်လွှတ်တော်ဥပဒေကြမ်းမှာတော့ မတူညီတဲ့ အချက်တချို့ ရှိပါတယ်။
မိမိကိုယ်စားပြုထားတဲ့ ပါတီက ဖျက်သိမ်းခံရရင်ဖြစ်စေ မှတ်ပုံတင်ပယ်ဖျက်ခံရရင်ဖြစ်စေ အချိုးကျကိုယ်စားပြုမဲဆန္ဒနယ်က လွှတ်တော်ကိုယ်စားလှယ်ဖြစ်ရင် ရွေးကောက်ခံရခြင်းကနေ အလိုအလျောက် ပျက်ပြယ်ပြီးဖြစ်တယ်လို့ ပြဌာန်းထားတာပါ။
အမည်စာရင်း တင်သွင်းလွှာနဲ့ပတ်သက်ပြီး သတ်မှတ်ထားတဲ့အတိုင်း ရုတ်သိမ်းခွင့်ရှိသလို လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် အမည်စာရင်းကြေညာပြီးနောက်မှာလည်း နုတ်ထွက်ခွင့်ရှိတယ်လို့ လွှတ်တော်သုံးရပ်လုံးရဲ့ ဥပဒေကြမ်းမှာ ထည့်သွင်းထားတာ တွေ့ရပါတယ်။
တစ်ဘက်မှာ လွှတ်တော်ကိုယ်စားလှယ်အဖြစ်ကနေ ပျက်ပြယ်တာ၊ အရည်အချင်းပျက်ယွင်းသူအဖြစ် ကြေညာခံရတဲ့ လွှတ်တော်ကိုယ်စားလှယ် ဒါမှမဟုတ် လွှတ်တော်ကိုယ်စားလှယ်လောင်း ဒါမဟုတ် ရွေးကောက်ပွဲကိုယ်စားလှယ်နဲ့ ထောင်ကျပြီးတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေဟာ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲရလဒ်အရ လွှတ်တော်သက်တမ်းအတွင်း သက်ဆိုင်ရာလွှတ်တော်အလိုက် ကိုယ်စားလှယ်လောင်းအဖြစ် ယှဉ်ပြိုင်ခွင့် မရှိစေရဘူးလို့ ဖော်ပြထားတာပါ။
ဒါ့အပြင် မဲဆွယ်စည်းရုံးရေးမှာလည်း ရွေးကောက်ပွဲဝင်ပြိုင်ကြမယ့် နိုင်ငံရေးပါတီတွေနေရာမှာ နိုင်ငံရေးပါတီများမှ ဗဟိုအလုပ်အမှုဆောင်များနဲ့ အစားထိုးထားသလို ရွေးကောက်ပွဲကျင်းပမယ့်နေ့မှာ မဲရုံကို နံနက် ၇ နာရီကနေ ညနေ ၅ နာရီအထိ ဖွင့်လှစ်ရမယ်လို့ အချိန်ပြောင်းလဲထားပါတယ်။
နောက်ထပ် ဖြည့်စွက်ထားတဲ့ အမျိုးသားလွှတ်တော်နဲ့ တိုင်းဒေသကြီး ဒါမှမဟုတ် ပြည်နယ်လွှတ်တော် ဥပဒေကြမ်းမှာ နိုင်ငံရေးပါတီတစ်ခုခုဟာ မိမိဆန္ဒအလျောက် ပါတီကို ဖျက်သိမ်းရင်ဖြစ်စေ မှတ်ပုံတင်ပယ်ဖျက်ခံရရင်ဖြစ်စေ အဲဒီပါတီရဲ့ မဲရလဒ်ကို ပယ်ဖျက်ရမယ်လို့ ဆိုပါတယ်။
ဒီအတွက် ပယ်ဖျက်လိုက်တဲ့ ဆန္ဒမဲရလဒ်တွေကို နုတ်ပယ်ပြီး ကျန်ရှိတဲ့ ခိုင်လုံမဲတွေကို သတ်မှတ်ထားတဲ့အတိုင်း ပြန်လည်တွက်ချက်စေပြီး ရွေးကောက်တင်မြှောက်ခံရတဲ့ လွှတ်တော်ကိုယ်စားလှယ်အမည်စာရင်းကို ကြေညာရမယ်လို့ ထည့်သွင်းထားတာပါ။
လွန်ခဲ့တဲ့တစ်ပတ်ကလည်း ပါတီတည်ထောင်လိုသူတွေကို လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံပိုင်ခွင့် အရည်အချင်းတွေနဲ့ ပြည့်စုံသူဖြစ်ခြင်းဆိုတဲ့အချက်ကို ထပ်တိုးပြီး နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေကြမ်းမှာ အသိပေးထားပြီး လွှတ်တော်ကနေ အတည်ပြုပြဌာန်းသွားမှာ ဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-MOI

