လန်ဒန်၊ ဇူလိုင် ၁၅
အသက် ၁၆ နှစ်နဲ့ ၁၇နှစ် အရွယ်တွေ ညပိုင်း လူမှုမီဒီယာ အသုံးပြုခွင့်မပြုကြောင်း ဗြိတိန်အစိုးရက ဇူလိုင် ၁၄ ရက်မှာ ပြောလိုက်ပါတယ်။’
ရာထူးက ထွက်ခွာတော့မှာ ဖြစ်တဲ့ ဝန်ကြီးချုပ် ကီယာ စတာမာက ပြီးခဲ့တဲ့ လအတွင်း အသက် ၁၆ နှစ်အောက် အရွယ်တွေကို လူမှုမီဒီယာ အသုံးပြုခွင့်တားမြစ်ကြောင်း ကြေညာခဲ့ပြီးနောက် အခုလို ကြေညာချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
စွဲလမ်းစေတဲ့ အက်ပလီကေးရှင်းတွေကို နောက်ဆုံး နှိမ်နှင်းမှုအနေနဲ့ အစိုးရက ညနေ ၆ နာရီနောက်ပိုင်း အင်စတာဂရမ်နဲ့ ဖေ့စ်ဘွတ်ခ်လို လူမှုမီဒီယာတွေကို အသက် ၁၆ နှစ်နဲ့ ၁၇ နှစ်အရွယ်တွေ မသုံးစွဲဖို့ ထုတ်ပြန်ထားထာ ဖြစ်ပါတယ်။
ဆယ်ကျော်သက် အရွယ်ထက် အနည်းငယ် ကျော်လွန်တဲ့ အရွယ်တွေ အသုံးပြုတဲ့ စွဲလမ်းစေတဲ့ အက်ပလီကေးရှင်းတွေ ပိတ်သိမ်းထားရေး အစီအစဉ်တွေကိုလည်း ဗြိတိန်အစိုးရက ကြေညာထားပါတယ်။
အသုံးပြုသူတွေအနေနဲ့ကတော့ အဲဒီ အက်ပလီကေးရှင်းတွေကို ပြောင်းလဲပြီး အသုံးပြုနိုင်တာကြောင့် ဗြိတိန် အစိုးရ အစီအစဉ် ထိရောက်မှု ရှိမှာ မဟုတ်ကြောင်း ဝေဖန်သူတွေက ပြောပါတယ်။
ပြီးခဲ့လက ဗြိတိန်ဟာ အသက် ၁၆ နှစ် အရွယ်တွေကို Snapchat၊ TikTok ၊ YouTube ၊ Instagram နဲ့ Facebook အသုံးပြုခွင့် တားမြစ်တဲ့ နောက်ဆုံး နိုင်ငံ ဖြစ်လာခဲ့ပါတယ်။
အဲဒီ ဥပဒေ အပြောင်းအလဲတွေဟာ ၂၀၂၇ စောစောပိုင်းအထိ အသက်ဝင်မှာ ဖြစ်ပါတယ်။
ဗြိတိန်မှာ အသက် ၁၆ နှစ် အရွယ်တွေ အမှီအခိုကင်းမှု ပိုများလာပေမယ့် သူတို့ရဲ့ ကောင်းကျိုးသာယာရေးအတွက် စွဲလမ်းစေတဲ့ အက်ပလီကေးရှင်းတွေရဲ့အန္တရာယ်ကနေ ကာကွယ်ဖို့ လိုအပ်ကြောင်း နည်းပညာဝန်ကြီး လဇ် ကန်ဒဲလ်က ကြေညာချက် တစ်ရပ်မှာ ဖော်ပြထားပါတယ်။
လူငယ်တွေအနေနဲ့ အိပ်ရေးဝအောင် အိပ်စက်ဖို့ လိုအပ်ပြီး ကျောင်းစာကို အလေးထား အာရုံစိုက်ဖို့ လိုအပ်သလို မိသားစုနဲ့ မိတ်ဆွေ သူငယ်ချင်းတွေအတွက် အချိန် ပိုပေးဖို့ လိုအပ်တာကြောင့် အခုလို စီစဉ်ရတာ ဖြစ်တယ်လို့ ဗြိတိန် အစိုးရက ပြောပါတယ်။
ဗြိတိန် အစိုးရ ချမှတ်ထားတဲ့ ဥပဒေတွေမှာ အသက် ၁၈ နှစ်အောက်တွေအနေနဲ့ လူမှုမီဒီယာ အသုံးပြုချိန် ဉာဏ်ရည်တုနည်းပညာ သုံးချိန်မှာ စစ်ဆေးမှု ခေတ္တ ရပ်တန့်မှုတွေ ပြုလုပ်သွားမယ့် အစီအစဉ်တွေလည်း ပါဝင်ပါတယ်။
ဒီဇင်ဘာလအတွင်း သြစတြေးလျဟာ ကမ္ဘာမှာ ပထမဆုံးနိုင်ငံအနေနဲ့ အသက် ၁၆နှစ်အောက်အရွယ် လူငယ်တွေကို လူမှုမီဒီယာ သုံးစွဲခွင့် တားမြစ်ခဲ့ပြီး တခြားနိုင်ငံများကလည်း အလားတူအတိုင်း လုပ်ဆောင်ဖို့ စံထား လေ့လာခဲ့ကြပါတယ်။
ကနေဒါနဲ့ ယူအေအီးအပြင် မလေးရှားကလည်း အလားတူ တားမြစ်မှုမျိုး လုပ်ဆောင်ဖို့ စဉ်းစားနေပါတယ်။
Ref:Bangkokpost/AP

