ဘာလင် ဇူလိုင် ၁၄
ဂျာမနီနိုင်ငံက ကမ္ဘာကျော်ကားထုတ်လုပ်ရေးကုမ္ပဏီ Volkswagen Group ဟာ ကမ္ဘာတစ်ဝန်းမှာ အလုပ်အကိုင်ပေါင်း ၁ သိန်းအထိ လျှော့ချနိုင်တဲ့ အစီအစဉ်ကို စဉ်းစားနေတယ်လို့ ကုမ္ပဏီရဲ့ အမှုဆောင်အရာရှိချုပ် အိုလီဗာ ဘလွန်းက အတည်ပြုလိုက်ပါတယ်။
အရင်က Volkswagen Group က ၂၀၃၀ ပြည့်နှစ်အထိ ဂျာမနီနိုင်ငံအတွင်း အလုပ်အကိုင် ၅ သောင်းခန့် လျှော့ချမယ်လို့သာ ကြေညာထားခဲ့ပေမယ့်၊ အခုတော့ အဲဒီပမာဏထက် နှစ်ဆနီးပါးရှိတဲ့ ၁ သိန်းအထိ လျှော့ချနိုင်ဖွယ်ရှိတယ်လို့ ထုတ်ဖော်ပြောဆိုလာတာ ဖြစ်ပါတယ်။
Volkswagen Group ထဲမှာ Volkswagen အမှတ်တံဆိပ်အပြင် Porsche, Audi, Seat နဲ့ Skoda တို့လို နာမည်ကြီး ကားအမှတ်တံဆိပ်တွေလည်း ပါဝင်ပါတယ်။
Volkswagen ဟာ မကြာသေးတဲ့နှစ်တွေမှာ အမြတ်ငွေ သိသိသာသာ ကျဆင်းလာခဲ့ပါတယ်။ အဓိကအကြောင်းရင်းကတော့ အဓိကဈေးကွက်တွေမှာ ရောင်းအားကျဆင်းလာတာနဲ့ တရုတ်ကားကုမ္ပဏီတွေက ဥရောပဈေးကွက်ထဲ အင်အားပြင်းပြင်းနဲ့ ဝင်ရောက်ယှဉ်ပြိုင်လာတာကြောင့် ဖြစ်ပါတယ်။
ဝန်ထမ်းတွေဆီ ပေးပို့တဲ့ မှတ်တမ်းစာတစ်စောင်ထဲမှာ အိုလီဗာ ဘလွန်းက Volkswagen ရဲ့ ကုန်ကျစရိတ်ဟာ ပြိုင်ဘက်ကုမ္ပဏီတွေနဲ့ နှိုင်းယှဉ်ရင် ၂၀ ရာခိုင်နှုန်းလောက် ပိုမြင့်နေတယ်လို့ ဆိုပါတယ်။
ဒါကြောင့် ကုမ္ပဏီအနေနဲ့ ကုန်ကျစရိတ်တွေကို ထပ်မံလျှော့ချဖို့ မဖြစ်မနေ လိုအပ်နေတယ် လို့ ပြောကြားခဲ့ပြီး၊ ဒီလိုဆောင်ရွက်မယ်ဆိုရင် ကမ္ဘာတစ်ဝန်းမှာ အလုပ်အကိုင် ၅ သောင်းခန့် ထပ်မံလျှော့ချရနိုင်တယ်လို့ ရှင်းပြပါတယ်။
ပြီးခဲ့တဲ့သီတင်းပတ်အတွင်း Volkswagen ရဲ့ ကြီးကြပ်ရေးဘုတ်အဖွဲ့ အစည်းအဝေးမတိုင်ခင် ဂျာမနီနိုင်ငံတစ်ဝန်း Volkswagen စက်ရုံတွေမှာ အလုပ်သမားတွေက ဆန္ဒပြမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။
ဒါပေမယ့် စက်မှုလုပ်ငန်းဆိုင်ရာ လေ့လာသုံးသပ်သူတချို့ကတော့ အလုပ်အကိုင် ၁ သိန်း လျှော့ချမယ်ဆိုတဲ့ ကိန်းဂဏန်းကို Volkswagen ဘက်က အလုပ်သမားသမဂ္ဂနဲ့ ညှိနှိုင်းရာမှာ အသာစီးရဖို့ ဖိအားပေးတဲ့ နည်းလမ်းတစ်ခုအဖြစ် ရည်ရွယ်ထုတ်ပြန်တာ ဖြစ်နိုင်တယ်လို့ သုံးသပ်နေကြပါတယ်။
ဒါကြောင့် နောက်ဆုံး အတည်ပြုမယ့် အလုပ်အကိုင်လျှော့ချမယ့် အရေအတွက်ဟာ ၁ သိန်းအထိ မရောက်ဘဲ ဒီထက်နည်းနိုင်တယ်လို့လည်း ခန့်မှန်းထားကြပါတယ်။
Ref:BBC

