ရေဖြူ၊ ဇူလိုင် ၁၄
တနင်္သာရီတိုင်း၊ ရေဖြုမြို့နယ်၊ နဘုလည်ဒေသရှိ ထားဝယ်ရေနက်ဆိပ်ကမ်းကိုဝင်နေတဲ့ အာဏာသိမ်း စစ်တပ် စစ်ကြောင်းက ပြည်သူ့ နေအိမ်တွေ မီးရှို့ခဲ့ပြီးစစ်ကြောင်းကြောင့် တိမ်းရှောင်နေရသူ ၄၀၀၀ ကျော်လာတယ်လို့ ဒေသကာကွယ်ရေးအဖွဲ့ဝင်တွေထဲကနေ သိရပါတယ်။
ဇူလိုင် ၉ ရက်နေ့က စတင်ကာ အင်အား ၇၀၀ ကျော်နဲ့စစ်ကြောင်းထိုးလာတဲ့ စစ်တပ်ဟာ ဇူလိုင် ၁၁ ရက်နေ့မှာ ဧကနိကျေးရွာက နေအိမ်တွေနဲ့ ဇူလိုင် ၁၂ ရက်နေ့မှာ ဝဇွမ်းတောကျေးရွာက နေအိမ်တွေကို မီးရှို့ခဲ့တာလို့ ဆိုပါတယ်။
စစ်ကြောင်းက ရွာတွေကို ဆက်တိုက် ဝင်မွှေနေတဲ့အပြင် အိမ်မီးရှို့တာနဲ့ နေအိမ်တွေ မွှေနှောက်ရှာဖွေတာ၊ လမ်းမှာတွေ့တဲ့လူတွေကို စစ်ဆေးတာတွေ လုပ်ဆောင်နေလို့ စစ်ရှောင်နေရတဲ့ ရွာတွေ များပြားလာနေပြီဖြစ်ကြောင်း ဒေသကာကွယ်ရေး အဖွဲ့ဝင်တစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။
စစ်တပ် စစ်ကြောင်းမီးရှို့လို့ ဧကနိကျေးရွာက နေအိမ် ၂၀ ခန့်နဲ့ဝဇွမ်းတောရွာကနေအိမ် ၂ လုံး မီးလောင် ပျက်စီးထားပါတယ်။
ဇူလိုင် ၁၃ ရက်နေ့အထိ အဲဒီ စစ်ကြောင်းဟာ ကုန်းသာယာအင်းကျေးရွာတဝိုက်မှာ စစ်ရေးလှုပ်ရှားနေတာကြောင့် ဝက်ချောင်း၊ ခမောင်းချောင်း၊ ဧကနိ၊ ဝဇွမ်းတော၊ ရငဲ၊ ကုန်းသာယာအင်း၊ ကညင်အင်း စတဲ့ ကျေးရွာတွေက ပြည်သူ ၄၀၀၀ ကျော် ဘေးလွတ်ရာ တိမ်းရှောင်နေကြရပါတယ်။
ဒါ့အပြင် အဲဒီ စစ်ကြောင်းဟာ စစ်ကြောင်းစထိုးလာတည်းက ဖမ်းဆီးထားတဲ့ ဒေသခံ ၃၀ ကျော်ကိုလည်း ဒီနေ့အထိ ပြန်မလွှတ်ပေးသေးဘူးလို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media

