မော်လမြိုင် ဇူလိုင် ၁၄

မွန်ပြည်နယ်မှာ လက်ရှိ အာဏာသိမ်း စစ်တပ် အသွင်ပြောင်း မွန်အစိုးရသစ် လက်ထက်ရဲ့ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ ပြည်နယ် ဘဏ္ဍာရန်ပုံငွေ ရရှိမှုဟာ ပြီးခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရ လက်ထက်ကထက် လေးပုံ တစ်ပုံကျော် ကျဆင်းနေတာကို သံလွင်တိုင်းမ်က ရရှိထားတဲ့ အချက်အလက်တွေအရ သိရပါတယ်။

လက်ရှိ အာဏာသိမ်း စစ်တပ် အသွင်ပြောင်း မွန်ပြည်နယ်အစိုးရဟာ သတ်မှတ်ထားတဲ့ ဒီဘဏ္ဍာနှစ်အတွင်း ပြည်နယ် ဘဏ္ဍာ ရန်ပုံငွေ ရရှိမှုအနေနဲ့ ပြည်နယ် အစိုးရအဖွဲ့ရဲ့ ဘဏ္ဍာ ရန်ပုံငွေ အပါအဝင် ဌာနဆိုင်ရာတွေ အသုံးပြုမယ့် ဘဏ္ဍာ ရန်ပုံငွေ ကျပ် ၇၆ ဘီလီယံကျော် ရရှိထားတာပါ။

ပြီးခဲ့တဲ့ NLD အစိုးရ လက်ထက်က ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်မှာ ပြည်နယ် ဘဏ္ဍာ ရန်ပုံငွေ ရရှိမှုဟာ ကျပ် ၁၁၁ ဘီလီယံကျော် ရရှိခဲ့တာကြောင့် လက်ရှိ စစ်တပ် အသွင်ပြောင်း မွန်အစိုးရသစ် လက်ထက်မှာ ရရှိတာနဲ့ နှိုင်းယှဉ်ပါက လေးပုံ တစ်ပုံကျော် ကျဆင်းလာတာ ဖြစ်ပါတယ်။

လက်ရှိ စစ်တပ် အသွင်ပြောင်း မွန်အစိုးရသစ်က ပြည်နယ်အတွင်း ရရှိတဲ့ ပြည်နယ် ဘဏ္ဍာ ရန်ပုံငွေတွေကိုတော့ ကျေးလက်လမ်း လုပ်ဆောင်တာတွေ၊ လျှပ်စစ်မီး ရရှိရေးတွေ၊ လမ်းလုပ်‌ဆောင်တာတွေနဲ့ စည်ပင်သာယာရေး လုပ်ငန်း တွေမှာ အများဆုံး အသုံးပြုထားတာ တွေ့ရပါတယ်။

နိုင်ငံရေး လေ့လာသုံးသပ်သူတွေကတော့ အခုလို ပြည်နယ် ဘဏ္ဍာ ရန်ပုံငွေ ရရှိမှု လျော့ကျလာတာကြောင့် ဒေသတွင်း ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းတွေ ဆောင်ရွက်တဲ့ နေရာမှာ အရင်လို များများပြားပြား လုပ်ဆောင်လို့ ရတော့မှာ မဟုတ်ဘဲ အပေါ်ယံလောက်သာ လုပ်ပြနိုင်မှာ ဖြစ်တယ်လို့ ပြောပါတယ်။

ဒါ့အပြင် ပြည်နယ်အတွင်း ရရှိတဲ့ ပြည်နယ် ဘဏ္ဍာ ရန်ပုံငွေတွေကို ဒေသတွင်းက ပြည်သူတွေကို ချပြမှု မရှိတဲ့အပေါ် ဘဏ္ဍာငွေတွေ လေလွင့်မှု ပိုမို ဖြစ်လာနိုင်တဲ့ အပြင် ဌာနဆိုင်ရာအတွင်း အဂတိ လိုက်စားမှုတွေ ပိုမို ဆိုးဝါးလာနိုင်တယ်လို့ နိုင်ငံရေး လေ့လာသုံးသပ်သူတွေက ဆိုပါတယ်။

ဒေသတွင်းမှာတော့ NLD အစိုးရ လက်ထက်က ပြည်နယ်အတွင်း ဘဏ္ဍာ ရန်ပုံငွေ ရရှိ သုံးစွဲသွားမယ့် အခြေအနေတွေနဲ့ ပတ်သက်ပြီး ပြည်သူတွေ ပွင့်လင်း မြင်သာစွာ သိရှိနိုင်ဖို့ Citizen Budget စာ‌စောင်တွေ ထုတ်ဝေပြီး ပြည်သူတွေကို ချပြခဲ့တာပါ။

စစ်တပ်က အာဏာသိမ်းပြီးနောက် ပြည်သူ့ ဘဏ္ဍာ ရန်ပုံငွေတွေကို စစ်အသုံး စရိတ်ထဲ အများဆုံး အသုံးပြုနေတဲ့အပေါ် ပြည်သူတွေအကြား ဝေဖန်မှုတွေ မြင့်တက်လာပြီး နောက်ပိုင်း နှစ်အလိုက် ပြည်သူ့ ဘဏ္ဍာ ရန်ပုံငွေတွေကို ဘယ်လို အသုံးပြုနေလဲ ဆိုတာကိုတော့ ချပြတာ မရှိတော့ပါဘူး။

မွန်ပြည်နယ်မှာတော့ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ပြည်နယ် ဘဏ္ဍာ ရန်ပုံငွေ ရရှိမှု နည်းလာတာကြောင့် ဒေသဆိုင်ရာ ဖွံ့ဖြိုးရေး လုပ်ငန်းတွေ မရှိသလောက် နည်းလာသလို ဘဏ္ဍာ ရန်ပုံငွေတွေကို ဘယ်လို အသုံးပြုသွားမလဲဆိုတာကိုလည်း ပွင့်လင်း မြင်သာစွာ ချပြမှု မရှိတော့တာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.