တနင်္သာရီ၊ ဇူလိုင် ၁၃

ထိုင်း မြန်မာနယ်စပ်ရှိ နှစ်နိုင်ငံကုန်သွယ်ရေးအတွက် အရေးပါတဲ့ တနင်္သာရီမြို့နယ် မောတောင်မြို့ကို တော်လှန်ရေးအင်အားစုပူးပေါင်းတပ်တွေ ပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်ဖို့ အသင့်အနေအထားဖြစ်နေပြီလို့ KNU တပ်မဟာ ၄ လက်အောက်ခံ တပ်ရင်း ၁၁ ဖြစ်တဲ့ BLACK COBRA COLUMN က ထုတ်ပြန်ပါတယ်။

တော်လှန်ရေးအင်အားစုတွေ သိမ်းယူထားပြီး ၆ လအကြာ ထိန်းချုပ်ထားတဲ့ မောတောင်မြို့ကို စစ်တပ်က ဗျူဟာ ၂ ခုနဲ့ တပ်ရင်း ၁၁ ရင်း၊ သာလွန်အင်အားသုံးကာ ထိုးစစ်ဆင် တိုက်ခိုက်လာတာကြောင့် မောတောင် ထုံခါလမ်းပိုင်းနဲ့ မောတောင်မြို့ကို ပြီးခဲ့တဲ့ မေ ၁၆ ရက်နေ့မှာ ပြန်လည်လက်လွှတ်ခဲ့ရတာပါ။

တစ်ဖက်မှာလည်း ၂၀၂၄ ခုနှစ် ဒီဇင်ဘာလမှစပြီး မောတောင်မြို့ကိုသွားတဲ့ လမ်းပိုင်းတစ်လျှောက်မှာ စစ်တပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကြား နေ့တိုင်းနီးပါး နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ပြီး လက်နက်ခဲယမ်းနဲ့ နည်းပညာ အခက်အခဲကြားက စစ်တပ်ကို ၁ နှစ်နဲ့ ၄ လကြာ ခုခံတားဆီးနိုင်ခဲ့ပါတယ်။

တစ်နှစ်ကျော်အကြာ ခုခံစစ်ကာလအတွင်း စစ်တပ်ဘက်က စစ်သား ၅၀၀ ကျော် သေဆုံးခဲ့ပြီး ၁၀၀၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကာ တော်လှန်ရေး အင်အာစု ပူးပေါင်းတပ်တွေဘက်မှ ရဲဘော် ၅၁ ဦး ကျဆုံးခဲ့ပြီး ၁၃ ဦးအပြင်းအထန် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ BLACK COBRA COLUMN က ဆိုပါတယ်။

လက်ရှိမှာ တော်လှန်ရေးရဲဘော်တွေဘက်မှ အနားယူတာနဲ့ လိုအပ်တဲ့ မွမ်းမံပြင်ဆင်မှုတွေ ပြုလုပ်ပြီး တိုက်ပွဲဝင်ဖို့ အသင့်အနေအထားရှိနေပြီးဖြစ်တာကြောင့် ပြည်သူတွေရဲ့ ဘေးကင်းလုံခြုံရေးအတွက် မောတောင်မြို့သွားရာ လမ်းပိုင်းတစ်လျှောက်မှာ ကုန်ကားတွေ ဖြတ်သန်းအသုံးမပြုကြဖို့ အသိပေးထားပါတယ်။

အဲဒီနေရာတွေဟာ မောတောင်မြို့အဝင် (နကသဂိတ်) မှ အမှတ် ၉ ကျေးရွာအထိ၊ ထုံခါ လမ်းဆုံမှ အမှတ် ၉ ကျေးရွာအထိ လမ်းပိုင်းတွေကို ဖြတ်သန်းသွားလာခွင့် အထူးတားမြစ်ဇုန်အဖြစ် သတ်မှတ်ထားပါတယ်။

ဒါအပြင် စစ်တပ်နဲ့ ပတ်သက်တဲ့ လူ လက်နက်ခဲယမ်းနဲ့ အခြားပစ္စည်းတွေ တင်ဆောင်လာတဲ့ ကားတွေကို စစ်ရေးပစ်မှတ်အဖြစ် သတ်မှတ်မှာဖြစ်ပြီး သတ်မှတ်စည်းကမ်းချက်တွေကို ပြည်သူတွေအနေနဲ့ လိုက်နာကြဖို့ ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.