ဘီးလင်း၊ ဇူလိုင် ၁၃

မွန်ပြည်နယ် ဘီးလင်းမြို့နယ်မှာ မိုးအဆက်မပြတ် ရွာသွန်းမှုနဲ့အတူ ဘီးလင်းမြစ်ရေ မြင့်တက်လာမှုကြောင့် ရေဘေးသင့်ပြည်သူ ၁၀၀၀၀ နီးပါးအထိ ရှိလာတယ်လို့ လူမှုကယ်ဆယ်ရေးအဖွဲ့တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဇူလိုင် ၁၃ ရက်နေ့ မနက်ပိုင်းအထိ စာရင်းအရ ဘီးလင်းမြို့ပေါ်မှာ ယာယီကယ်ဆယ်ရေးစခန်း ၉ ခုအထိ ဖွင့်လှစ်ထားရပြီး လာရောက်ခိုလှုံသူ ၁၆၀၀ ကျော်အထိ ရှိလာခဲ့ပါတယ်။

မိုးရွာသွန်းမှုနဲ့အတူ ဘီးလင်းမြစ်ရေ မြင့်တက်လာမှုကြောင့် မြစ်ကမ်းတလျှောက်က ကျေးရွာပေါင်း ၂၇ ရေနစ်မြှုပ်နေပြီး လူဦးရေ ၉၀၀၀ နီးပါး ရေဘေးသင့်နေတာ ဖြစ်ပါတယ်။

ဘီးလင်းရေကြီးမှုမှာ မြို့ပေါ်ရှိ ယာယီကယ်ဆယ်ရေးစခန်းတွေထံ လာရောက်ခိုလှုံသူတွေသာ အစားအသောက်နဲ့ သောက်ရေ အနည်းငယ်သာ အကူအညီ ရရှိပြီး ကျေးရွာတွေဘက်က ရေးဘေးသင့်ပြည်သူတွေ အကူအညီ လုံးဝမရနေဘူးလို့ ဆိုပါတယ်။

ဘီးလင်း ရေကြီးမှုအတွင်း ဘီးလင်းမြစ်ကြောင်းတလျှောက် ကျေးရွာတွေဖြစ်တဲ့ ရွှေလှေ၊ ခဲမောက်၊ နတ်ကြီး၊ ရွှေလောင်းအင်း၊ မဲလံအပါအဝင် မြစ်ကမ်းဘေးအနိမ့်ပိုင်းက ကျေးရွာပေါင်း ၂၇ ရွာ ရေနစ်မြှပ်နေတာ ဖြစ်ပါတယ်။

မိုးလေဝသနဲ့ ဇလဗေဒဦးစီးဌာနရဲ့ ဇူလိုင် ၁၃ ရက်နေ့ မနက်ပိုင်း တိုင်းတာချက်တွေအရ ဘီးလင်းမြစ်ရေဟာ စိုးရိမ်ရေ အမှတ်ဖြစ်တဲ့ ၁၀၂၂ စင်တီမီတာအောက် ပြန်လည်ကျဆင်းလာပါတယ်။

ဒါပေမယ့် မိုးဇလကတော့ လာမယ့် ဇူလိုင် ၂၀ ရက်နေ့အထိ မုတ်သုံလေ အားကောင်းနေမှုနဲ့အတူ မိုးသည်းထန်စွာ ရွာသွန်းနိုင်တာကြောင့် မြစ်ကမ်းနဘေး နေသူတွေ ရေကြီးရေလျှံမှု အန္တရာယ်ကို သတိပြုနေထိုင်ကြဖို့ သတိပေးထားပါတယ်။

မွန်ပြည်နယ်မှာ ဇူလိုင် ၅ ရက်နေ့ကစလို့ မိုးသည်းထန်စွာ ရွာသွန်းမှုနဲ့အတူ လေပြင်းတိုက်ခိုက်မှုတွေကြောင့် ပေါင်၊ မော်လမြိုင်နဲ့ သံဖြူဇရပ်မြို့နယ်တို့မှာ နေအိမ်နဲ့ အဆောက်အဦး ရာနဲ့ချီ ပျက်စီးခဲ့ပြီး လေဘေးသင့်ပြည်သူ ၁၀၀၀ နီးပါး ရှိခဲ့ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.