မော်လမြိုင် ၊ ဇူလိုင် ၁၂

ခရိုနီ ဦးမိုးကျော်နဲ့ ပူးပေါင်းဆောင်ရွက်တဲ့ မော်လမြိုင် လှိုင်ရတနာမြို့သစ် စီမံကိန်းအတွက် ဘတ်ဂျက်ငွေ သုံးစွဲမှုဟာ ၂၀၂၆ – ၂၀၂၇ ခုနှစ် ဘဏ္ဍာရေးနှစ်မှာ စစ်တပ် အသွင်းပြောင်း မွန်ပြည်နယ် အစိုးရအဖွဲ့ရုံး ရရှိတဲ့ ရန်ပုံငွေကနေ အများဆုံး ပမာဏ ဖြစ်ပါတယ်။

သံလွင်တိုင်းမ်က လက်ခံရရှိထားတဲ့ ၂၀၂၆ – ၂၀၂၇ ခုနှစ် ဘဏ္ဍာရေးနှစ် မွန်ပြည်နယ် ဘဏ္ဍာရန်ပုံငွေစာရင်းအရ စစ်တပ် အသွင်းပြောင်း မွန်ပြည်နယ် အစိုးရအဖွဲ့ရုံးဟာ ကျပ်သန်းပေါင်း ၁၄၇၅၀ ကျော် သုံးစွဲခွင့် ရရှိထားပါတယ်။
အဲဒီထဲက ၆၁ ရာခိုင်နှုန်းဖြစ်တဲ့ ကျပ်သန်း ၉၀၀၀ ကျော်ကို မော်လမြိုင် လှိုင်ရတနာမြို့သစ် စီမံကိန်းအတွက် ပုံအော သုံးစွဲထားတာ ဖြစ်ပါတယ်။

မော်လမြိုင် လှိုင်ရတနာမြို့သစ် စီမံကိန်းအတွက် ဘတ်ဂျက် သုံးစွဲမှုအရ လမ်းတံတားပြုပြင်တာနဲ့မြေဖို့တာအတွက် ဘတ်ဂျက် သန်း ၆၀၀၀ ၊ ရေရရှိရေးအတွက် ဘတ်ဂျက် သန်း ၁၀၀၀ ၊ လျှပ်စစ်မီးရရှိရေးအတွက် ဘတ်ဂျက် သန်း ၂၀၀၀ အသုံးပြုထားတာပါ။

ဝါရင့် နိုင်ငံရေးသမား တစ်ဦးက အစိုးရအဖွဲ့ ခေါင်းစဉ်အောက်ကနေ မြေကွက်စီမံကိန်းအတွက် ပြည်သူ့ဘဏ္ဍာငွေ အများအပြား အသုံးပြုတာဟာ မဖြစ်သင့်တဲ့ ကိစ္စရပ် တစ်ခု ဖြစ်တယ်လို့ ဝေဖန်ပါတယ်။

“အမှန်ကတော့ အစိုးရ ခေါင်းစဉ်အောက်ကနေပြီးတော့ အဲဒီလမ်းတံတားနဲ့မြေကြီးအတွက် သုံးတာကတော့ မဖြစ်သင့်ဘူးလို့ ကျွန်တော် မြင်တာပေါ့နော်။ အမှန်တကယ်က အစိုးရရဲ့ ခေါင်းစဉ်အောက်ကဆိုရင် အစိုးရက တိုက်ရိုက် စီမံခန့်ခွဲ ပိုင်ခွင့်ရှိတဲ့ အသုံးစရိတ်တိုင်းကို သုံးတာကတော့ ပိုကောင်းတာပေါ့”လို့ ဆိုပါတယ်။

ဒါ့အပြင် ပြည်နယ် အစိုးရ အဖွဲ့ရဲ့ ဘဏ္ဍာ ရန်ပုံငွေတွေဟာ ပြည်နယ်အတွင်းက မြို့နယ်တွေရဲ့ ဖွံ့ဖြိုးသာယာလှပရေး အတွက်သာ ညီညီမျှမျှ အသုံးပြုသင့်ပြီး အခုလို တစ်နေရာထဲအတွက် ပုံပြီး အသုံးပြုတာဟာ မဖြစ်သင့်ဘူးလို့ သူက ဆက်ပြောပါတယ်။

သံလွင်တိုင်းမ်က လေ့လာတွေ့ရှိထားတဲ့ အချက်အလက်တွေအရ မော်လမြိုင် လှိုင်ရတနာမြို့သစ် စီမံကိန်းအတွက် ဘတ်ဂျက် သုံးစွဲမှုဟာ မြို့နယ် ၁၀ မြို့နယ်လုံးအတွက် အသုံးပြုထားတဲ့ မွန်ပြည်နယ် စည်ပင်သာယာရေးအဖွဲ့ရဲ့ တစ်နှစ်တာ အသုံးစရိတ်နဲ့ ကျပ်သန်း ၁၀၀၀ သာ ကွာဟနေတာပါ။

မွန်ပြည်နယ် စည်ပင်သာယာရေးအဖွဲ့ဟာ ၂၀၂၆ – ၂၀၂၇ ခုနှစ် ဘဏ္ဍာရေးနှစ်မှာ ဘတ်ဂျက် ရန်ပုံငွေ ကျပ်သန်း ၁၀၀၀၀ သုံးစွဲခွင့်ရရှိထားပါတယ်။

ဒါ့အပြင် ပြည်နယ် လမ်းဦးစီးဌာနက ဘတ်ဂျက် ကျပ်သန်း ၁၀၀၃၀ ၊ ပြည်နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ကျပ်သန်း ၁၀၀၀၀ ၊ ပြည်နယ် လျှပ်စစ်ဖြန့်ဖြူးရေးလုပ်ငန်း ကျပ်သန်း ၁၀၅၀၀ သုံးစွဲခွင့်ရရှိထားတာပါ။

မော်လမြိုင် လှိုင်ရတနာမြို့သစ် စီမံကိန်းအတွက် ဘတ်ဂျက်ငွေ သုံးစွဲမှုဟာ ပြည်နယ်ဖွံ့ဖြိုးရေးဖြစ်တဲ့ လမ်းဦးစီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ ပြည်နယ် လျှပ်စစ်ဖြန့်ဖြူးရေးလုပ်ငန်း၊ မွန်ပြည်နယ် စည်ပင်သာယာရေးအဖွဲ့တို့နဲ့ ညီမျှနေတဲ့ အခြေအနေပါ။

သထုံမြို့နယ် အမတ်ဟောင်း တစ်ဦးဖြစ်တဲ့ ဦးအောင်ကျော်သူကတော့ အရင်က စီမံကိန်းတွေနဲ့ ပတ်သက်ပြီး လွှတ်တော်မှာ တင်ပြအတည်ပြုပြီးမှသာ လုပ်ဆောင်ရတာ ဖြစ်ပြီး အခုလို အစိုးရအဖွဲ့ ဘတ်ဂျက်အနေနဲ့ အသုံးပြုတာဟာ သူတို့လက် သူတို့ခြေနဲ့ စီမံခန့်ခွဲချင်တဲ့ သဘောသာ ဖြစ်တယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“လွှတ်တော် ဥပဒေနည်းဥပဒေအရ ဘယ်စီမံကိန်း မည်သည့် စီမံကိန်း မဆိုပေါ့ လုပ်မယ်ဆိုရင်တော့ လွှတ်တော်ကို အတည်ပြု တင်ပြ အတည်ပြုချက် ယူပြီးမှ လုပ်ရမှာပေါ့နော်။ဒီနေရာမှာ ပထမဆုံး စဉ်စားစရာရှိတာ အစိုးရအဖွဲ့ရုံးမှာက ပရော်ဖက်ရှင်နယ် အင်ဂျင်နီယာ ရှိလား၊အဲလို မဟုတ်ဘဲနဲ့ ဒီဟာကို အစိုးရအဖွဲ့ ဘတ်ဂျက်အနေနဲ့ ပြောရင်တော့ ဒီဘတ်ဂျက်ကို သူတို့လက် သူတို့ခြေ စီမံခန့်ခွဲချင်တဲ့ သဘော”လို့ ဆိုပါတယ်။

ဒါ့အပြင် လှိုင်ရတနာ မြို့သစ် မြေကွက် စီမံကိန်းနဲ့ ပတ်သက်ပြီး အမှန်တကယ် အစိုးရ အဖွဲ့အနေနဲ့ ဘဏ္ဍာရန်ပုံငွေ အသုံးပြုတာ ရှိမရှိ အပြင် မြေကွက် ရောင်းချလို့ ရရှိတဲ့ ငွေတွေကို ဘယ်လိုပုံစံ အသုံးပြုနေလည်းဆိုတာကအစ လွှတ်တော် ကိုယ်စားလှယ်တွေအနေနဲ့ စုံစမ်း ဖော်ထုတ်သင့်တယ်လို့ သူက ဆက်ပြောပါတယ်။

လှိုင်ရတနာမြို့သစ် စီမံကိန်းဟာ ကျဆုံးစစ်သား မိသားစုဝင်တွေနဲ့ ဝန်ထမ်းတွေကို ပေးဖို့ ရည်ရွယ်လုပ်ဆောင်ခဲ့တာ ဖြစ်ပေမယ့် နောက်ပိုင်းမှာတော့ စီမံကိန်းက ဖော်ထုတ်ခဲ့တဲ့ မြေကွက်တွေကို မော်လမြိုင် ခရိုနီ ဦးမိုးကျော်နဲ့ အရင်ပြည်နယ် စစ်ကောင်စီ တာဝန်ရှိသူတွေက သိန်းထောင်ချီနဲ့ ပြန်လည်ရောင်းစားခဲ့ပါတယ်။

မော်လမြိုင် ခရိုနီ ဦးမိုးကျော်နဲ့ အရင် ပြည်နယ် စစ်ကောင်စီတို့ ပူးပေါင်းဆောင်ရွက်ခဲ့တဲ့ မော်လမြိုင် လှိုင်ရတနာမြို့သစ် စီမံကိန်း ကိစ္စနဲ့ပတ်သက်ပြီး ပြီးခဲ့တဲ့ ဇွန် ၁၆ ရက်နေ့က ကျင်းပတဲ့ မွန်ပြည်နယ် လွှတ်တော်မှာ ကျိုက်မရောမြို့နယ် မဲဆန္ဒနယ် အမှတ် ၂ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးသန့်ဇင်က မေးခွန်းမေးမြန်းဖူးပါတယ်။

ဒီမေးခွန်းကို စစ်တပ် အသွင်းပြောင်း မွန်ပြည်နယ် အစိုးရအဖွဲ့ရဲ့ စည်ပင်သာယာရေးဝန်ကြီး ဒေါက်တာ အောင်မြတ်ကျော်စိန်က မော်လမြိုင် လှိုင်ရတနာမြို့သစ် စီမံကိန်းကနေ နိုင်ငံ့ဝန်ထမ်းတွေကို မြေကွက်ပေါင်း ၁၃၀၃ ကွက် ချထားပေးတဲ့အတွက် ဝန်ထမ်းတွေကို ထပ်ချပေးစရာ မြေကွက် မရှိတော့ဘူးလို့ ဖြေကြားထားပါတယ်။

မော်လမြိုင် လှိုင်ရတနာမြို့သစ်စီမံကိန်းမှ ဖော်ထုတ်လိုက်တဲ့ မြေကွက်ပေါင်း ထောင်ချီကို ဇုန် A ၊ B နဲ့ C အဖြစ် အမျိုးအစား သုံးမျိုး ခွဲခြားသတ်မှတ်ပြီး ဇုန်အလိုက် မြေကွက်တစ်ကွက်ကို သိန်း ၇၅၀ ကနေ သိန်း ၄၀၀၀ ကျော်အထိ ပေါက်ဈေးရှိနေပြီး လက်ရှိမှာလည်း မြေကွက်ပေါင်း ထောင်နဲ့ချီ ကျန်ရှိနေသေးနေတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.