ဘီးလင်း၊ ဇူလိုင် ၁၂

ဘီးလင်းမြစ်ရေဟာ ဇူလိုင် ၁၁ ရက် မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်အချိန် တိုင်းထွာချက်အရ စိုးရိမ်ရေမှတ်ရောက်ဖို့ ၈ စင်တီမီတာပဲ လိုတော့တာကြောင့် ဘီးလင်းမြို့နယ်တွင်းမှာ ရွေ့ပြောင်းရတဲ့ လူဦးရေ ပိုများလာတယ်လို့ ကူညီကယ်ဆယ်ရေး လုပ်ဆောင်ပေးနေသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

မိုးအဆက်မပြတ် ရွာသွန်းနေတာကြောင့် မြစ်ရေ ဆက်တက်နေပြီး မြို့ပေါ် အနိမ့်ပိုင်းရပ်ကွက်တွေမှာ ရေဝင်ရောက်မှု ပိုများလာသလို မြစ်ကမ်းဘေးကျေးရွာတွေမှာလည်း ရေဝင်ရောက်မှုတွေ ရှိလာတယ်လို့ ဆိုပါတယ်။

မိုးဆက်လက်ရွာသွန်းနေပါက ဇူလိုင် ၁၁ ရက်ညပိုင်းမှာ စိုးရိမ်ရေမှတ်ကို ကျော်လွန်လာနိုင်ကြောင်း၊ မြို့ပေါ် အနိမ့်ပိုင်းရပ်ကွက်တွေမှာ ထပ်မံရွှေ့ပြောင်းရတာတွေရှိနေတဲ့အပြင် ကျေးရွာတွေဘက်က အခြေအနေကိုတော့ မသိရသေးဘူးလို့ ကူညီဆောင်ရွက်ပေးနေသူတစ်ဦးက ပြောဆိုထားပါတယ်။

လက်ရှိအချိန် မြို့နယ်အားကစားရုံနဲ့ဘုန်းကြီးကျောင်းတွေက ရေဘေးရှောင်စခန်းတွေမှာ ရွေ့ပြောင်းနေထိုင်နေသူ ၂၀၀ ကျော်အထိ ရှိလာပြီလို့ ဆိုပါတယ်။

ရေဘေးရှောင်တွေ များလာတာနဲ့အမျှ သောက်သုံးရေ၊ အရေးပေါ်စားနပ်ရိက္ခာအကူအညီတွေလည်း လိုအပ်လာပြီလို့ သိရပါတယ်။

မြစ်ရေတက်လာလို့ မြို့ပေါ်အနိမ့်ပိုင်းတွေ ရေဝင်နစ်မြုပ်တာရှိသလို ရွှေလှေ၊ ခဲမောက်၊ နတ်ကြီး၊ ရွှေလောင်းအင်း၊ မဲလံအပါအဝင် မြစ်ကမ်းဘေးအနိမ့်ပိုင်း ကျေးရွာ ၂၀ ခန့်မှာလည်း ရေဝင်တာတွေ ရှိနေပါတယ်။

ကျေးရွာအတွင်းနေ ပြည်သူတွေကတော့ အရေးပေါ်ပြောင်းရွေ့တာမျိုးလတ်တလောမှာ မရှိသေးပေမယ့် စိုးရိမ်ရေမှတိကျော်သွားပါက ဘေးလွတ်ကာကုန်းမြင့်တွေကို ရွေ့ပြောင်းရမှာဖြစ်ပါတယ်။

ဇူလိုင် ၁၀ ရက်နေ့ကစတင်ပြီး ဘီးလင်းမြစ်ရေတက်လာလို့ အနိမ့်ပိုင်းနေပြည်သူ ၁၀၀ ကျော် အရေးပေါ်ရွေ့ပြောင်းခဲ့ရပါတယ်။

ဘီးလင်းမြစ်ရေရဲ့ စိုးရိမ်ရေမှတ်ဟာ ၁၀၂၂ စင်တီမီတာဖြစ်ပြီး ဇူလိုင် ၁၁ ရက်ညနေပိုင်းမှာ ၁၀၄၄ စင်တီမီတာအထိ ရောက်ရှိနေပါတယ်။

လတ်တလောမှာတော့ ရန်ကုန်-မော်လမြိုင်ကားလမ်း ဘီးလင်းလမ်းပိုင်းမှာတော့ ကားလမ်းရေကျော်တာမရှိသေးဘဲ ခရီးသွားကားတွေပုံမှန်သွားလာလို့ရနေသေးတယ်လို့သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.