သံဖြူဇရပ်၊ ဇူလိုင် ၁၂
မွန်ပြည်နယ် သံဖြူဇရပ်မြို့ အောင်ဇေယျနဲ့အောင်သုခရပ်ကွက်တွေမှာ ဇူလိုင် ၁၀ ရက် ညက လေဆင်နှာမောင်းတိုက်လို့ နေအိမ် ၄၀ ဝန်းကျင် ပျက်စီးခဲ့တယ်လို့ မြို့ခံ ကူညီဆောင်ရွက်ပေးနေ သူတွေထံကနေ သိရပါတယ်။
ဇူလိုင် ၁၀ ရက် ညနေ ၆ နာရီ မိနစ် ၃၀ ခန့်မှာ မိုးသည်းထန်စွာရွာသွန်းပြီး လေဆင်နှာမောင်းတိုက်ခတ်တာ ကြောင့် ရပ်ကွက်နှစ်ခုအတွင်းရှိ လူနေအိမ်တွေနဲ့အဆောက်အဦတွေ အမိုးလန်တာ၊ ပြိုကျပျက်စီးတာတွေ၊ သစ်ပင်တွေလဲကျတာနဲ့၊ လျှပ်စစ်ဓာတ်ကြိုးပျက်ကျတာတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။
လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် လူနေအိမ်တွေအပါအဝင် စာသင်ကျောင်းနဲ့ဘုရားဝင်းအတွင်းရှိ အဆောက်အဦ စုစုပေါင်း ၃၇ လုံး အမိုးလန်တာ၊ ပြိုကျပျက်စီးတာတွေရှိခဲ့ပြီး လူထိခိုက်တာတော့မရှိဘူးလို့ ဆိုပါတယ်။
ဒါ့အပြင် ရပ်ကွက်တွေအတွင်းမှာ သစ်ပင်ကြီးတွေ လဲကျတာ၊ ဓာတ်ကြိုးတွေပြတ်ကျတာ၊ အဆောက်အဦတွေကနေ ပြုတ်ထွက်လာတဲ့ သွပ်၊ အမိုးကိုင်းအစတွေ လမ်းပေါ်ပြန့်ကြဲနေတာကြောင့် မြို့နယ်မီးသတ်အပါအဝင် လူမှုကူညီရေးအသင်းတွေနဲ့မြို့ခံတွေက ရှင်းလင်းနေကြရပါတယ်။
လေဆင်နှာမောင်းကြောင့် လေဘေးသင့်ပြည်သူ ၂၀၀ ခန့်ရှိခဲ့ပြီး နီးစပ်ရာဆွေမျိုးတွေအိမ်မှာ ယာယီနေထိုင်နေကြတာရှိသလို ငွေကြေးတတ်နိုင်သူတွေနဲ့အပျက်အစီးနည်းသူတွေက အမိုးအကာတွေကိုပြန်လည်ပြင်ဆင်နေကြပြီလို့ သိရပါတယ်။
ဇူလိုင် ၅ ရက် ညနဲ့ ၆ ရက်နေ့ မနက်အစောပိုင်းတွေမှာလည်း ပေါင်မြို့နဲ့မော်လမြိုင်မြို့တို့မှာ လေပြင်းတိုက်လို့ နေအိမ် ၁၀၀ ဝန်းကျင် ပျက်စီးခဲ့ပါသေးတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ

