မကွေး ဇူလိုင် ၁၁

မကွေးတိုင်း ပွင့်ဖြူမြို့နယ် အုတ်ဖိုကျေးရွာက စာသင်ကျောင်းကို အာဏာသိမ်းစစ်တပ်က ဒရုန်းနဲ့ ဗုံးချ ဖျက်ဆီးသွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကိုပြောပါတယ်။

ဇူလိုင် ၁၀ ရက် ညနေပိုင်းအချိန်မှာ အုတ်ဖိုရွာ အထက ခွဲ ကျောင်းကို ၈၁ မမ လက်နက်ကြီးကျည်တွေ အသုံးပြုပြီးတော့ ဒရုန်းနဲ့ ဗုံးချခဲ့တာဖြစ်ပါတယ်။

“တစ်ဖက်မှာက စစ်တပ်ဘက်က PDF တွေက ပွင့်ဖြူနယ်မှာ စာမသင်ရဘူးဆိုပြီး ဝါဒဖြန့်နေတယ်။ အဲဒါကို PDF တွေက မဟုတ်ကြောင်း ဆရာဆရာမတွေကို ဖြေရှင်းတယ်လို့ သိရတယ်။ အခုကကျတော့ စစ်တပ်ကပဲ စာသင်နေတဲ့ကျောင်းကိုရည်ရွယ်ချက်ရှိရှိ လာဖျက်ဆီးသွားတာ။ ဘယ်သူက စာမသင်စေချင်တာလဲဆိုတာ သိသာပါတယ်။” လို့ ဒေသခံ တစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

အာဏာသိမ်းစစ်တပ်က ဒရုန်းနဲ့ဗုံးချ ဖျက်ဆီးသွားတဲ့ စာသင်ကျောင်းမှာ တော်လှန်ရေးတပ်ဖွဲ့တွေ တပ်စွဲတာမရှိသလို တိုက်ပွဲ ဖြစ်ပွားတာမျိုးလည်းမရှိဘူးလို့ သိရပါတယ်။

ဒါ့အပြင် အဲဒီကျောင်းမှာ ကျောင်းဖွင့် စာသင်နေချိန်ဖြစ်ပြီးတော့ အာဏာသိမ်းစစ်တပ်က ဒရုန်းချတာကြောင့် Grade 10 ကျောင်းဆောင် တစ်ခုလုံး ပျက်စီးသွားတယ်လို့ သိရပါတယ်။

ပွင့်ဖြူမြို့နယ်မှာ အာဏာသိမ်းစစ်တပ်နဲ့ တော်လှန်ရေးအဖွဲ့တွေ​ကြား တိုက်ပွဲ ဖြစ်ပွားတာမရှိပေမဲ့ အာဏာသိမ်းစစ်တပ်ဘက်က ပေါ်တာဆွဲ ဖမ်းဆီးတာ၊ ကျေးရွာတွေဘက်ကို လက်နက်ကြီး ပစ်ခတ်တာနဲ့ ဒရုန်းနဲ့ မီးလောင်ဗုံးတွေ လူနေအိမ်ပေါ်ချတာတွေကို မကြာခဏ ပြုလုပ်နေတယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.