နေပြည်တော် ၊ ဇူလိုင် ၁၁
တိုင်းနဲ့ ပြည်နယ် တချို့မှာ ရှိတဲ့ ဗိုလ်ချုပ်အောင်ဆန်းရုပ်တုတွေကို စစ်တပ်အသွင်ပြောင်းအစိုးရက ဖယ်ရှားနေတဲ့အပေါ် အချိုးအစားနဲ့ ပုံသဏ္ဍာန် မမှန်ကန်တဲ့ ရုပ်တုတွေကိုသာ ဥပဒေနဲ့အညီ ပြန်လည်စိစစ်နေတာလို့ သမ္မတရုံးပြောခွင့်ရ ဒေါက်တာ ခိုင်ခိုင်စိုးက ပြောပါတယ်။
အာဏာသိမ်း စစ်တပ်ကနေ အရပ်သားအသွင်ပြောင်းအစိုးရအဖြစ် နိုင်ငံ့အာဏာကို ဆက်လက်ရယူပြီးနောက်ပိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ အစိုးရလက်ထက်မှာ စိုက်ထူထားတဲ့ ဗိုလ်ချုပ်ရုပ်တုတွေကို တစ်ခုပြီးတစ်ခု ရှင်းလင်းလာနေတာပါ။
ဒီအပေါ် စစ်တပ်အသွင်ပြောင်းအစိုးရရဲ့ သမ္မတရုံး ပြောခွင့်ရ ဒေါက်တာ ခိုင်ခိုင်စိုးက သူ့ရဲ့ တယ်လီဂရမ်ချန်နယ်ကနေ ဗိုလ်ချုပ်အောင်ဆန်း ရုပ်တု အားလုံးကို ဖယ်ရှားနေတာ မဟုတ်ဘူးလို့ ဇူလိုင် ၁၀ ရက်နေ့က အသိပေးခဲ့ပါတယ်။
ဗိုလ်ချုပ်အောင်ဆန်းဟာ မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်းမှာ အလွန်အရေးပါတဲ့ ပုဂ္ဂိုလ်တစ်ဦး ဖြစ်တာကြောင့် ဗိုလ်ချုပ်ရဲ့ ရုပ်တုတွေကို ဂုဏ်သိက္ခာနဲ့လျော်ညီစွာ ထားရှိနိုင်ရေး ရည်ရွယ်ချက်နဲ့ ၁၉၆၂ ခုနှစ် သမိုင်းဝင်ပုဂ္ဂိုလ်တွေရဲ့ အထိမ်းအမှတ်မော်ကွန်းဥပဒေအရ စိစစ်နေတာလို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဧပြီ ၁ ရက်နေ့ကနေ ဒီကနေ့အထိ မြို့နယ်ပေါင်း ၁၀၀ ကျော်မှာရှိတဲ့ ဗိုလ်ချုပ်ရုပ်ထုတွေကို စိစစ်ခဲ့ရာမှာ တချို့ ရုပ်တုတွေရဲ့ အချိုးအစား ပုံသဏ္ဍာန်နဲ့ အနုပညာဖော်ပြမှုတွေဟာ သမိုင်းဝင်ပုဂ္ဂိုလ်တစ်ဦးရဲ့ ဂုဏ်သိက္ခာနဲ့ မလျော်ညီတဲ့ အနေအထားတွေ တွေ့ရှိခဲ့တယ်လို့ ဒေါက်တာ ခိုင်ခိုင်စိုးက ပြောပါတယ်။
ဒါကြောင့် ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမိုင်းဝင်ဂုဏ်သိက္ခာကို ထိန်းသိမ်းမြှင့်တင်ဖို့ ရုပ်ထုတွေကို အရိုအသေမဲ့သလို မဖြစ်စေဖို့နဲ့ နောင်လာနောက်သားတွေအနေနဲ့ မြန်မာ့သမိုင်းအမွေအနှစ်တွေကို မှန်ကန်သင့်လျော်တဲ့ ပုံစံနဲ့ ဆက်လက်လေ့လာနိုင်ဖို့ စနစ်တကျ ထိန်းသိမ်းလုပ်ဆောင်နေတာလို့ အကြောင်းပြထားတာပါ။
ဖယ်ရှားခံလိုက်ရတဲ့ ဗိုလ်ချုပ်ရုပ်တုတွေဟာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD အစိုးရလက်ထက်မှာ စိုက်ထူထားတာဖြစ်လို့ သမိုင်းကို ဖျောက်ဖျက်ဖို့ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေတာဆိုတဲ့ ဝေဖန်ထောက်ပြမှုတွေလည်း ရှိနေပြန်ပါတယ်။
ပြီးခဲ့တဲ့ ဇွန်နဲ့ အခုလအတွင်း မွန်ပြည်နယ်အပါအဝင် ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ စစ်ကိုင်းနဲ့ မကွေးတိုင်းတို့မှာ ရှိတဲ့ မြို့နယ်တွေအတွင်း စိုက်ထူထားတဲ့ ဗိုလ်ချုပ်ရုပ်တု ရှစ်ခုထက်မနည်း ဖယ်ရှားခံခဲ့ရတယ်လို့ သတင်းတွေက ဖော်ပြကြပါတယ်။
ဒါ့အပြင် အာဏာသိမ်းကာလ ၂၀၂၄ ခုနှစ်နဲ့ ၂၀၂၅ ခုနှစ်မှာလည်း နေပြည်တော်အပါအဝင် မန္တလေးတိုင်း ဧရာဝတီတိုင်းနဲ့ ပဲခူးတိုင်းတို့မှာ ရှိတဲ့ မြို့နယ်တချို့က ဗိုလ်ချုပ်ရုပ်တု လေးခုကိုလည်း စစ်ကောင်စီက ဖယ်ရှားခဲ့ပါသေးတယ်။
NLD ပါတီကတော့ ဗိုလ်ချုပ်ရုပ်တုတွေ ဖယ်ရှားခံနေရတဲ့အပေါ် ကန့်ကွက်ရှုတ်ချထားပြီး ညွှန်ကြားသူတွေနဲ့ ပူးပေါင်းပါဝင်သူတွေဟာ မြန်မာ့သမိုင်းရဲ့ သင်္ကေတအထောက်အထားတွေနဲ့ ပြည်ထောင်စုစိတ်ဓာတ်ကို ဖျက်ဆီးနေတာဖြစ်လို့ ထိရောက်စွာ အရေးယူနိုင်ရေး ဆက်လုပ်သွားမယ်လို့ ဇူလိုင် ၈ ရက်နေ့မှာ အသိပေးထုတ်ပြန်ထားပါတယ်။
သတင်း – သံလွင်တိုင်းမ်

