ဘန်ကောက်၊ ဇူလိုင် ၁၃

ဖမ်းဆီးထားတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေး ကောင်မွန်ပြီး စောင့်ရှာက်ပေးထားမှာ ဖြစ်ကြောင်း မြန်မာ နိုင်ငံခြားရေးဝန်ကြီးက အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေကို ဇူလိုင် ၁၂ ရက်မှာ ပြောကြားခဲ့ကြောင်း မြန်မာ နိုင်ငံဆိုင်ရာ အာဆီယံ အထူးကိုယ်စားလှယ်က ပြောပါတယ်။

ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီး မစ္စစ် မာရီယာ ထရီဆာ လာဇာရိုက အသက် ၈၁ နှစ် ရှိနေပြီ ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်ရရေး ကြိုးပမ်းနေပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၀၂၁ စစ်တပ် အာဏာသိမ်းပြီးကတည်းက ဖမ်းဆီးခံနေရတာ ဖြစ်ပြီး သူ့ကို နေအိမ် အကျယ်ချုပ် ပြောင်းရွှေ့ချထားတယ်ဆိုပေမယ့် ဘယ်နေရာမှာ ဖမ်းဆီးထားတယ်ဆိုတာ မသိရပါဘူး။

ဒေါ်အောင်တန်းစုကြည် ကျန်းမာရေး ကောင်းမွန်ပြီး သူဟာ မိမိရဲ့ ဆွေမျိုး တစ်ဦးလို အစ်မ တစ်ဦးလို ဖြစ်တာကြောင့် သူ့ကို ကောင်းကောင်း စောင့်ရှောက်ထားမှာ ဖြစ်ကြောင်း မြန်မာ နိုင်ငံခြားရေးဝန်ကြီးက ပြောကြားတယ်လို့ မစ္စစ် လာဇာရိုက သတင်းစာရှင်းလင်းပွဲအတွင်း ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ထောင်ဒဏ် ၂၇ နှစ် ချမှတ်ခံခဲ့ရပြီး မကြာသေးခင်က ပြစ်ဒဏ် သုံးပုံ တစ်ပုံ လျှော့ချပေးခဲ့တာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် အပေါ် စွဲတင်ထားတဲ့ စွဲချက်တွေဟာ သူ့ကို နိုင်ငံရေး လောကထဲက ထွက်သွားရအောင် လိမ်လည်ထားတဲ့ စွဲချက်တွေ ဖြစ်တယ်လို့ သူ့ရဲ့ မဟာမိတ်တွေက ပြောပါတယ်။

လှုံ့ဆော်မှု၊အကျင့်ပျက် ခြစားမှု၊ ရွေးကောက်ပွဲ လိမ်လည်မှု နိုင်ငံတော် လျှို့ဝှက်ချက် ဥပဒေ ချိုးဖောက်မှု စွဲချက်တွေနဲ့ စစ်ခေါင်းဆောင်တွေက စွဲချက်တင်ခဲ့တာ ဖြစ်ပေမယ့် သူကတော့ အမှား တစ်စုံတစ်ရာ ကျူးလွန်ထားတာ မရှိဘူးလို့ ထွက်ဆိုခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ဘယ်နေရာမှာ ရှိနေသလဲဆိုတာ မသိရသေးပေမယ့် မစ္စစ် လာဇာရိုက သူ့ကို သတ်မှတ်ထားတဲ့ နေရာ တစ်ခုဆီ ရွှေ့ပြောင်းထားတယ်လို့ စောစောပိုင်းက ပြောကြားပြီး အသေးစိတ်ကို ပြောဆိုထားတာ မရှိသေးပါဘူး။

ဇူလိုင် ၁၂ ရက်က ဘန်ကောက်မြို့မှာ ပြုလုပ်ခဲ့တဲ့ အလွတ်သဘော တွေ့ဆုံမှု အတွင်း မြန်မာ နိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေကို ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်လို့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေက မေးမြန်းခဲ့ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟာဆက်က ပြောပါတယ်။

အာဆီယံ အထူးကိုယ်စားလှယ်ကို ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့် ပေးမယ်ဆိုရင် နိုင်ငံခြားရေးဝန်ကြီးရဲ့ ပြောဆိုမှုတွေကို အတည်ပြု ပေးနိုင်မှာ ဖြစ်တဲ့ အတွက် ပိုကောင်းလိမ့်မယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

အဖွဲ့ဝင် ၁၁ နိုင်ငံ ပါဝင်တဲ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေဟာ ဇူလိုင် ၁၂ ရက်က ဘန်ကောက်မှာ လူကိုယ်တိုင် ပထမဆုံးအကြိမ် တွေ့ဆုံခဲ့ကြတာ ဖြစ်ပါတယ်။

ဘန်ကောက်မြို့မှာ ကျင်းပခဲ့တဲ့ အလွတ်သဘော အစည်းအဝေးသို့ စင်ကာပူ နိုင်ငံခြားရေးဝန်ကြီး ဗီဗီယန်လည်း တက်ရောက်ခဲ့ပါတယ်။

မြန်မာဟာ အာဆီယံနဲ့ ခွဲခြား မရနိုင်တဲ့ အစိတ်အပိုင်းအဖြစ် ဆက်ရှိနေပြီး စင်ကာပူအနေနဲ့ ငြိမ်းချမ်း တည်ငြိမ်ပြီး သာယာဝပြောတဲ့ မြန်မာနိုင်ငံကို မြင်တွေ့လိုတယ်လို့ စင်ကာပူ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်ကို အကောင်အထည် ဖော်ရာမှာ တိုးတက်မှု အခြေအနေ အကန့်အသတ်နဲ့ပဲ ရှိတာကြောင့် စင်ကာပူအနေနဲ့ စိတ်ပျက်မိကြောင်းလည်း အဲဒီ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ပြဿနာအတွက် ငြိမ်းချမ်းပြီး ရေရှည် တည်တံ့တဲ့ အခြေရရှိရေး မြန်မာနိုင်ငံရဲ့ သက်ဆိုင်ရာ အဓိက အဖွဲ့အစည်းအားလုံးကြား အပြုသဘောဆောင်တဲ့ ဆွေးနွေးမှု ဖြစ်ပေါ်လာရေး အရေးကြီးကြောင်းလည်း စင်ကာပူက ပြောပါတယ်။

ဘန်ကောက်မြို့ မှာပြုလုပ်ခဲ့တဲ့ ဆွေးနွေးမှုဟာ ပွင့်ပွင့်လင်းလင်း ရှိပြီး အပြုသဘောဆောင်တဲ့ အပြန်အလှန် ဆွေးနွေးမှု ဖြစ်ကြောင်းလည်း စင်ကာပူ နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

Source: Reuters/CNA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.