ပြုံးယမ်း ဇူလိုင် ၁၁

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်က စစ်တပ် အကြီးတန်းအရာရှိ တစ်ဦး လာဘ်စားမှုနဲ့ အကျင့်ပျက်ခြစားမှုတွေ ကျူးလွန်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်အပေါ် “နိုင်ငံရေးရာဇဝတ်မှု” အဖြစ် ပြင်းပြင်းထန်ထန် ရှုတ်ချလိုက်တယ်လို့ နိုင်ငံပိုင်မီဒီယာ KCNA က ဇူလိုင် ၁၁ ရက် မနက်ပိုင်းမှာ ဖော်ပြပါတယ်။

ဒီမှတ်ချက်ကို ကင်ဂျုံအွန်က ဇူလိုင် ၁၀ ရက်မှာ ပြုံယမ်းမြို့မှာ ကျင်းပခဲ့တဲ့ အာဏာရ အလုပ်သမားပါတီနဲ့ မြောက်ကိုရီးယားပြည်သူ့တပ်မတော်တို့ရဲ့ ပူးတွဲအစည်းအဝေးမှာ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

အစည်းအဝေးအတွင်း မြောက်ကိုရီးယားပြည်သူ့တပ်မတော် အထွေထွေနိုင်ငံရေးဗျူရိုရဲ့ အဖွဲ့အစည်းရေးရာ တာဝန်ခံ ဒုတိယညွှန်ကြားရေးမှူးဟောင်း ပတ်ဟွီချောနဲ့ သူ့ရဲ့ နောက်လိုက်တွေဟာ အကျင့်ပျက်ခြစားမှုတွေ ကျူးလွန်ခဲ့ကြောင်း တင်ပြခဲ့တယ်လို့ KCNA က ဆိုပါတယ်။

KCNA ရဲ့ ဖော်ပြချက်အရ ပတ်ဟွီချောဟာ လာဘ်ငွေအမြောက်အများ လက်ခံရယူခဲ့သလို ကိုယ်ကျင့်တရားပျက်ယွင်းတဲ့ ဘဝပုံစံနဲ့ နေထိုင်ခဲ့တယ်လို့ စွပ်စွဲထားပါတယ်။ အဲဒီအတွက် သူ့ကို အလုပ်သမားပါတီ ဗဟိုခေါင်းဆောင်အဖွဲ့ဝင်အဖြစ်ကနေ ထုတ်ပယ်လိုက်ပြီး ဥပဒေအရ အရေးယူနိုင်ဖို့ တရားဥပဒေစိုးမိုးရေးအဖွဲ့တွေဆီ လွှဲပြောင်းပေးလိုက်ကြောင်းလည်း ဖော်ပြထားပါတယ်။

ကင်ဂျုံအွန်ကတော့ ဒီဖြစ်ရပ်ဟာ ပါတီရဲ့ စည်းကမ်းတည်ဆောက်ရေးမူဝါဒကို ဆန့်ကျင်တဲ့ “နိုင်ငံရေးရာဇဝတ်မှု” ဖြစ်သလို နိုင်ငံနဲ့ ပြည်သူတွေရဲ့ အကျိုးစီးပွားကို ရည်ရွယ်ချက်ရှိရှိ အလွဲသုံးစားလုပ်ပြီး လုယက်ဖျက်ဆီးတဲ့ လုပ်ရပ်ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

မြောက်ကိုရီးယားလို အာဏာရှင်စနစ်နဲ့ ပြင်ပကမ္ဘာအတွက် အချက်အလက်ရယူရခက်ခဲတဲ့ နိုင်ငံတစ်နိုင်ငံမှာ ထိပ်တန်းခေါင်းဆောင်ကိုယ်တိုင် စစ်ဘက်အရာရှိအကြီးတန်းတစ်ဦးကို လူသိရှင်ကြား ပြစ်တင်ဝေဖန်တာမျိုးဟာ ဖြစ်လေ့ဖြစ်ထ မရှိဘဲ ရှားပါးတဲ့ ဖြစ်ရပ်တစ်ခုလည်း ဖြစ်ပါတယ်။

Ref:AFP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.