မနီလာ၊ ဘန်ကောက်၊ ဇူလိုင် ၁၀
ဘန်ကောက်မြို့မှာ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ မြန်မာ နိုင်ငံခြားရေးဝန်ကြီးတို့ တွေ့ဆုံပြီး ပြည်တွင်းစစ် တားဆီးရေး၊ ၅နှစ်ကြာ အေးစက်နေခဲ့တဲ့ အာဆီယံနဲ့ ဆက်ဆံရေး အခြေအနေတို့ကို ဆွေးနွေးသွားမှာ ဖြစ်ကြောင်း ဖိလစ်ပိုင်က ဇူလိုင် ၁၀ ရက်မှာ ပြောလိုက်ပါတယ်။
အဖွဲ့ဝင် ၁၁ နိုင်ငံ ပါဝင်တဲ့ အာဆီယံအဖွဲ့ရဲ့ ဥက္ကဋ္ဌအနေနဲ့ ဖိလစ်ပိုင်က ဇူလိုင် ၁၂ ရက် အစည်းအဝေးကို ဦးဆောင်မှာ ဖြစ်ပါတယ်။
ဒါဟာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာ နိုင်ငံခြားရေးဝန်ကြီးနဲ့ ပထမဆုံး လူကိုယ်တိုင် တွေ့ဆုံမှု ဖြစ်လာမှာ ဖြစ်ပါတယ်။
အာဏာသိမ်းမှုကြောင့် ပြည်တွင်းစစ် ဖြစ်လာပြီးနောက် မြန်မာ စစ်ဗိုလ်ချုပ်တွေကို အာဆီယံ ထိပ်သီး အစည်းအဝေးတွေကနေ တားမြစ်ထားခဲ့တာ ဖြစ်ပါတယ်။
ပြည်တွင်းစစ်အတွင်း လူပေါင်း ၁ သိန်းကျော် သေဆုံးပြီး သန်ပေါင်းများစွာ ထွက်ပြေးနေရစဉ် စစ်တပ်ဟာ ကျယ်ပြန့်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ စစ်ရာဇဝတ်မှုတွေ ကျူးလွန်ထားတယ်လို့ စွပ်စွဲခံနေရပါတယ်။
မြန်မာ စစ်တပ်က အဲဒီ စွပ်စွဲချက်တွေကို ပယ်ချပြီး အခုအချိန်မှာ သမ္မတ မင်းအောင်လှိုင် ဦးဆောင်တဲ့ အရပ်သား အစိုးရအနေနဲ့ ဒီမိုကရေစီ လမ်းကြောင်းကို လျှောက်လှမ်းနေပြီလို့ ပြောဆိုထားပါတယ်။
ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီးဌာနက မြန်မာဟာ အာဆီယံရဲ့ ခွဲခြားမရတဲ့ အစိတ်အပိုင်းအဖြစ် ဆက်ရှိနေဆဲ ဖြစ်တယ်လို့ ဖော်ပြပြီး ဇူလိုင် ၁၂ ရက် တွေ့ဆုံမှုဟာ အလွတ်သဘော တွေ့ဆုံမှု ဖြစ်မယ်လို့ ပြောထားပါတယ်။
မြန်မာ နိုင်ငံခြားရေးဝန်ကြီးအနေနဲ့ ပြည်တွင်း အခြေအနေတွေကို အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေထံ ရှင်းပြနိုင်စေဖို့ အခွင့်အရေး ပေးတာ ဖြစ်တယ်လို့လည်း ဖိလစ်ပိုင်က ပြောပါတယ်။
မြန်မာနဲ့ အာဆီယံ စေ့စပ်မှုနဲ့ ပတ်သက်လို့ နိုင်ငံခြားရေးဝန်ကြီးတွေ အမြင်ချင်း ဖလှယ်ကြမှာ ဖြစ်ပြီး အကြမ်းဖက် တိုက်ခိုက်မှုတွေ ရပ်တန့်ရေးဆိုင်ရာ စိုးရိမ်မှုတွေနဲ့ ပတ်သက်လို့ မြန်မာက ရှင်းလင်းဖွယ်ရှိတယ်လို့လည်း ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။
သက်ဆိုင်ရာ အဖွဲ့အစည်းတွေကြား အပြုသဘော ဆွေးနွေးမှုတွေ ဖြစ်ပေးလာစေရေးနဲ့ လူသားချင်း စာနာထောက်ထားရေး အကူအညီပေးရေး ကိစ္စတို့ကိုလည်း ဆွေးနွေးဖွယ်ရှိကြောင်း ဖိလစ်ပိုင်က ပြောထားပါတယ်။
ဦးမင်းအောင်လှိုင်က အာဆီယံ အဖွဲ့ထဲ ပြန်တိုးမဝင်နိုင်ဖြစ်နေတဲ့ အခြေအနေ အဆုံးသတ်စေဖို့ အာဆီယံ အဖွဲ့ဝင် ဖြစ်တဲ့ လာအိုနိုင်ငံသို့ ပထမဆုံးအကြိမ် သွားရောက်ခဲ့ပါတယ်။
Ref:Reuters

