သထုံ၊ ဇူလိုင် ၁၀
ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၁ သထုံခရိုင်အုပ်ချုပ်နယ်မြေဖြစ်တဲ့ ကျိုက်ထို၊ ဘီးလင်းနဲ့ သထုံမြို့နယ်တို့မှာ ပြီးခဲ့တဲ့ တစ်လအတွင်း စစ်တပ် ဗုံးကြဲမှုကြောင့် အရပ်သား ငါးဦး သေဆုံးပြီး ၁၁ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ KNU သထုံခရိုင်ထံက သိရပါတယ်။
ပြီးခဲ့တဲ့ ဇွန် ၁ ရက်နေ့ကနေ ၃၀ ရက်နေ့အထိ တစ်လအတွင်း အာဏာသိမ်း စစ်တပ်ဟာ အဲဒီမြို့နယ် သုံးခုရဲ့ ကျေးရွာ ၁၀ ရွာကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှု ခုနှစ်ကြိမ်၊ လက်နက်ကြီး ပစ်ခတ်မှု ငါးဦး ပြုလုပ်ခဲ့ပါတယ်။
အာဏာသိမ်း စစ်တပ်ရဲ့ လက်နက်ကြီးအပါအဝင် လေကြောင်းဗုံးကြဲမှုကြောင့် အသက် ၈ နှစ်အရွယ် ကလေးငယ် တစ်ဦး၊ အမျိုးသမီး နှစ်ဦး၊ အမျိုးသား နှစ်ဦး၊ စုစုပေါင်း အရပ်သား ငါးဦး သေဆုံးခဲ့ပါတယ်။
ဒါ့အပြင် အသက်မပြည့်သေးတဲ့ ကလေးငယ် တစ်ဦး ၊ အမျိုးသား တစ်ဦး၊ အမျိုးသမီး ၁၀ ဦး၊ စုစုပေါင်း ၁၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ်နဲ့ ဈေးဆိုင် ခုနှစ်လုံးထက်မနည်း ထိမှန်ပျက်စီးခဲ့ပါတယ်။
KNU သထုံခရိုင် အတွင်းရေးမှူး ပဒိုစောအေးနိုင်ကတော့ အာဏာသိမ်း စစ်တပ်ဟာ အခုနောက်ပိုင်းမှာလည်း အရပ်သားပြည်သူတွေအပေါ် ပစ်မှတ်ထား တိုက်ခိုက်မှုတွေ ဆက်လုပ်နေတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
အာဏာသိမ်း စစ်တပ်ရဲ့ တိုက်ခိုက်မှုတွေကြောင့် KNU သထုံခရိုင် ဒေသခံတွေဟာ စိုးရိမ်ကြောက်လန့်စိတ်နဲ့ ရှင်သန်နေထိုင်ရပြီး အသက်အန္တရာယ် မလုံခြုံမှုကို ဆက်လက်ခံစားနေရတယ်လို့ ဆိုပါတယ်။
တဖက်မှာလည်း KNU သထုံခရိုင် ဒေသခံတွေဟာ အာဏာသိမ်း ကာလအတွင်း စစ်တပ်ရဲ့ စစ်ကြောင်းထိုးမှုကြောင့် မကြာခဏဆိုသလို နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-KHRG

